မင်းပြား မြို့မရဲစခန်းအနီး အရပ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်၊ ရဲစခန်းပတ်ပတ်လည်တွင် မြေမြှုပ်မိုင်းများ ထောင်ထား
ရန်ကုန်| ဒီဇင်ဘာ ၁၆
ရခိုင်ပြည် မင်းပြားမြို့ မြို့မရဲစခန်းအနီးတွင် ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက် နေ့ လယ် ပိုင်းအချိန်ခန့်က အရပ်သားတစ်ဦး စက်ဘီးစီး၍ သွားလာရာမှ မြေမြှုပ် မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်သွားကြောင်း ဒေသတွင်း နေထိုင်သူများက ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နေ့လယ် ၁ နာရီဝန်းကျင်ခန့်တွင် မင်းပြားမြို့၊ ဈေးဟောင်းပိုင်းရပ်ကွက်ရှိ မြို့မရဲစခန်း ခြံစည်းရိုးတွင် မြေမြှုပ်မိုင်း နင်းမိခြင်း ဖြစ်ပြီး မင်းပြားဆေးရုံမှတစ်ဆင့် မြောက်ဦးဆေးရုံသို့ အရေးပေါ်ပို့ ဆောင်လိုက်ရကြောင်း မြောက်ဦး ကရုဏာလှိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“မင်းပြားဖက်က လမ်းတစ်ဝက်လာပို့တယ်။ ကျနော်တို့ လမ်းတစ်ဝက်ကနေသွားယူရတယ်။ အခုမြောက်ဦးဆေးရုံ မှာရောက်နေပါပြီ။ လူနာကတော့ ညာဖက်ဒူးဆစ်အောက်ပြတ်သွားတယ်။ ဘယ်ဖက်ခြေကလည်း အရိုးအသားတွေကြေသွားတယ်” ဟုပြောသည်။
မြေမြှုပ်မိုင်းနင်းမိသူမှာ အသက် ၃၈ နှစ်အရွယ် ဦးကျော်မောင် ဆိုသူဖြစ်ပြီး မိမိနေထိုင်ရာ စျေးဟောင်းပိုင်းရပ်ကွက်ရှိ နေအိမ်သို့ စက်ဘီးဖြင့်သွားစဥ် လိမ့်ကျပြီး ယခုကဲ့သို့ မိုင်းနင်းမိသွားခြင်း ဖြစ်သည်ဟု မင်းပြားဒေသခံတစ်ဦးကပြောသည်။
“ရဲစခန်း ပတ်ပတ်လည်မှာ မိုင်းထောင်ထားတွေရှိတယ်လေ။ အဲ့ဒီနေရာကို သိတဲ့သူတွေက သိပ်မသွားကြတော့ဘူး။ နိုဝင်ဘာ ၁၃ ရက်နေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း စစ်တပ်က သူတို့ စခန်းပတ်ပတ်လည်မှာ မြေမြှုပ်မိုင်းတွေ ထောင် ထားတယ်။ ပြီးတော့ မြို့မရဲစခန်းမှာလည်း စစ်သားတွေအထိုင်ချထားတယ်။ သူက အဲ့နား ကန်ဘောင်ကနေ စက်ဘီးနဲ့ဖြတ်အသွားမှာ လိမ့်ကျသွားပြီး မိုင်းထောင်တဲ့နေရာကို တက်နင်းမိတယ်။ ခြေတစ်ဖက်တော့ နေရာတင်ပြတ်သွားတယ်” ဟုပြောသည်။
မင်းပြားမြို့ပေါ်ကို ညအချိန် စစ်ကောင်စီတပ်ရင်းများက လှည့်လည်ပြီး စက်သေနတ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှု ပြုလုပ်ပြီးနောက် မြို့ပေါ်ဒေသခံများမှာ ထွက်ပြေးနေချိန်တွင် မြို့မရဲစခန်းအပါအဝင် ရပ်ကွက်တစ်ချို့မှာ မြေမြှုပ်မိုင်း ထောင်ထားကြောင်း အမည်မဖော်လိုသည့် မြို့ခံတစ်ဦးက ပြောသည်။
မင်းပြားဒေသခံတစ်ဦးက” မင်းပြားမှာမြို့ထဲကို လှည့်လည်ပြီးတော့ စစ်ကောင်စီတပ် လက်နက်ကြီး လက်နက်ငယ်တွေတစ်လျောက် ပစ်တယ်။ သေဆုံး ထိခိုက်ဒဏ်ရာ ရတဲ့သူတွေအများကြီး ရှိခဲ့တယ်။ နှစ်ဖက် တိုက်ပွဲဖြစ်တာမဟုတ်ဘဲ စစ်ကောင်စီတပ်သားတွေ ဒီအတိုင်းပစ်တာ။ အဲ့ဒီနောက်ပိုင်းမှာ မြို့ပေါ်မှာ လူမရှိတော့ဘူး။ အဲ့ဒီအချိန်မှာ မင်းပြားမြို့မ ရဲစခန်း ပတ်ပတ်လည်ကို မြေမြှုပ်မိုင်းထောင်ထားတယ်။ ပြီးတော့ ဦးစိုးတင့်ရပ်ကွက် ဖက်မှာလည်းထောင်တာရှိတယ်။ အခု မြေမြှုပ်မိုင်းနင်းမိတာ ပထမဦးဆုံးလို့ ပြောလို့ရတယ်”ဟုပြောသည်။
လွန်ခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း အမ်းမြို့နယ်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ၄ တန်းကျောင်းသားတစ်ဦး သေဆုံးပြီး မိခင်ဖြစ်သူ အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် သြဂုတ်လအတွင်းကလည်း ပုဏ္ဏားကျွန်း ယိုးတရုတ် မီးရထားဘူတာတွင် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၁ ဦးသေဆုံးကာ နောက်ထပ် ကလေးငယ် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရခိုင်တွင် ပြီးခဲ့သည့် တိုက်ပွဲကာလများအတွင်းက မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၇၀ ထက်မနည်းရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော်ခန့်ရှိခဲ့ကြောင့် အရပ်ဖက်အဖွဲ့စည်းများ၏ စာရင်းအချက်လက်များ အရသိရသည်။
