32 C
Yangon

မင်းအောင်လှိုင် ဦးဆောင်သော ဖက်ဆစ် အာဏာသိမ်းစစ်အုပ်စု သက်ဆိုးရှည်ရေးနှင့် အာဏာတည်မြဲရေးအတွက် ထောက်ခံပံ့ပိုးလျှင် တရုတ်တာဝန်ရှိသူများကို လုပ်သင့်လုပ်ထိုက်သည်များ မြန်မာပြည်သူများက လက်တုံ့ပြန်မည်ဟု တော်လှန်ရေးအဖွဲ့ ၂၅၅ ဖွဲ့က တရုတ်သမ္မတထံသို့ အိတ်ဖွင့်ပေးစာပေးပို့

Must read

မင်းအောင်လှိုင် ဦးဆောင်သော ဖက်ဆစ် အာဏာသိမ်းစစ်အုပ်စု သက်ဆိုးရှည်ရေးနှင့် အာဏာတည်မြဲရေးအတွက် ထောက်ခံပံ့ပိုးလျှင် တရုတ်တာဝန်ရှိသူများကို လုပ်သင့်လုပ်ထိုက်သည်များ မြန်မာပြည်သူများက လက်တုံ့ပြန်မည်ဟု တော်လှန်ရေးအဖွဲ့ ၂၅၅ ဖွဲ့က တရုတ်သမ္မတထံသို့ အိတ်ဖွင့်ပေးစာပေးပို့

ရန်ကုန်၊ ဒီဇင်ဘာ ၁၈

တရုတ်အစိုးရအနေဖြင့် အကြမ်းဖက် မင်းအောင်လှိုင် ဖက်ဆစ် အာဏာသိမ်းစစ်အုပ်စု သက်ဆိုးရှည်ရေးနှင့် အာဏာတည်မြဲရေးအတွက် ထောက်ခံပံ့ပိုးလျှင် တရုတ်တာဝန်ရှိသူများကို လုပ်သင့်လုပ်ထိုက်သည်များ မြန်မာပြည်သူများက တုံ့ပြန်မည်ဟု တော်လှန်ရေးအဖွဲ့ ၂၅၅ ဖွဲ့က အိတ်ဖွင့်ပေးစာပေးပို့တစ်စောင်ကို တရုတ်သမ္မတနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးထံသို့ ပေးပို့လိုက်ကြောင်း သိရှိရသည်။

တရုတ်အစိုးရအနေဖြင့် မြန်မာပြည်သူများ အမျက်ဒေါသထွက်စေမည့် ၊ နှစ်နိုင်ငံ ဘုံအကျိုးစီးပွား၊ ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်မှု ပျက်ပြားစေမည့် လုပ်ရပ်များကို အမြန်ဆုံး ရပ်တန့်ရန်နှင့် မရပ်တန့်ပါက တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့လူထုအခြေပြုနှင့် တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၂၅၅ ဖွဲ့က ဒီဇင်ဘာ ၁၇ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် တောင်းဆိုလိုက်သည်။

လက်ရှိ နွေဦးတော်လှန်ရေးတွင် မြန်မာပြည်သူများ သဘောထားဆန္ဒနှင့် ပြည်သူ့တော်လှန်ရေးအခြေအနေမှန်ကို သိရှိနိုင်ရန်ရည်ရွယ်၍ မြန်မာ့လူထုအခြေပြုနှင့် တော်လှန်ရေးအဖွဲ့အစည်းပေါင်း ၂၅၅ ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အိတ်ဖွင့်ပေးစာတွင် မြန်မာနိုင်ငံတွင် ပြည်သူများ ပါဝင် ဆင်နွှဲနေသည့် တော်လှန် ရေးကြီး၏ လားရာနှင့် ဖော်ဆောင် ဖြတ်သန်းနေမှုများသည် အနောက် နိုင်ငံများအပါအဝင် မည်သည့်နိုင်ငံ၊ မည်သည့် ကမ္ဘာ့နိုင်ငံရေး အုပ်စု၏ အလိုကျ ကြိုးဆွဲမှု၊ လှုံ့ဆော်မှုမျိုးကြောင့် လုံးဝ မဟုတ်ဘဲ တော်လှန်ရေးကြီး၏ လားရာပန်းတိုင်သည် တရုတ်အပါအဝင် မည်သည့် အိမ်နီးချင်းနိုင်ငံ၊ မည်သည့် ကမ္ဘာ့နိုင်ငံတစ်ရပ်ရပ်၏ အကျိုးစီးပွားကိုမျှ ထိခိုက်နစ်နာစေမှုမျိုး လုံးဝ ဖြစ်စေမည် မဟုတ်ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံကို အလေးအနက် အသိပေးလိုကြောင်း ဖော်ပြထားသည်။

မြန်မာပြည်သူများသည် ဖက်ဆစ်စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ပြည်သူ့ကိုယ်စားပြု ဒီမိုကရေစီအစိုးရစနစ် ပေါ်ထွန်းရေး၊ လူမျိုးပေါင်းစုံ တန်းတူရည်တူရှိသည့် ဖက်ဒရယ်စနစ် တည်ဆောက်ရေး စသည်တို့ကို ဦးတည်ရှေးရှုကာ ဖော်ဆောင်နေခြင်း ဖြစ်ကြောင်း၊ အဆိုပါ နိုင်ငံရေးစနစ်များကို ဖော်ဆောင်နိုင်မှသာလျှင် တရားဥပဒေစိုးမိုး၍ တည်ငြိမ်၊ အေးချမ်း၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ် မြန်မာနိုင်ငံကို တည်ဆောက်နိုင်ကာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်တစ်လျှောက် တည်ငြိမ်ရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ကင်းစင်ပပျောက်ရေးများ ဖြစ်ပေါ်၍ နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံမှုများနှင့် အကျိုးတူ စီးပွားဖြစ်ထွန်းရေးတို့ကို အာမခံနိုင်သည့် အိမ်နီးချင်းနိုင်ငံကောင်းတရပ် ဖြစ်လာမည် ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ် စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့ဆန္ဒ သဘောထားအရ အပြီးတိုင် ဖျက်သိမ်းခဲ့ပြီးဖြစ်သော “ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈)” သည် မြန်မာနိုင်ငံရေးပြဿနာ၏ အဖြေ လုံးဝ မဖြစ်နိုင်ပါကြောင်း၊ မြန်မာပြည်သူအားလုံးသည် စစ်အာဏာဏာမသိမ်းခင် အခြေအနေအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေအောက်သို့ ပြန်လည်ရောက်ရှိမည့် အဖြစ်မျိုးကို လုံးဝ လက်မခံနိုင်ပါကြောင်း ဖော်ပြထားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် စစ်အာဏာရှင်များ စိတ်တိုင်းကျ အသားစီးယူ ရေးဆွဲအတည်ပြုထားခြင်းသာဖြစ်ပြီး ၎င်းဥပဒေအတိုင်းသာဆိုပါက မြန်မာနိုင်ငံသည် စစ်တပ်၏ ကြီးစိုးအုပ်ချုပ်မှုအောက်တွင် ရာသက်ပန် နေသွားရတော့မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာသည် ပြေလည်စရာအကြောင်း မရှိသည့်အပြင် နယ်စပ်တည်ငြိမ်ရေးအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖော်ဆောင်နိုင်မည် မဟုတ်ပါကြောင်းလည်း တရုတ်နိုင်ငံသို့ ပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

‌ြ

အကြမ်းဖက်စစ်တပ်သည် ဖက်ဆစ်ဝါဒကို ယုံကြည်ကာ မြန်မာပြည်သူများနှင့် ပြည်သူ့ အိုးအိမ်စည်းစိမ်များကို နေ့စဉ်နှင့် အမျှ ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ် ဖျက်ဆီးနေကြကြောင်း၊ ဖက်ဆစ်ဝါဒီများ ဖက်ဆစ်ဝါဒီများ မည်မျှရက်စက်ယုတ်မာသည်ကို ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်သူများနှင့် တူညီသော သမိုင်းဖြတ်သန်းမှု အတွေ့အကြုံရှိသည့် တရုတ်ပြည်သူ ပြည်သားများကလည်း ကောင်းစွာ နားလည် သဘောပေါက်ကြပြီး ဖြစ်မည်ဟု ယုံကြည်ပါကြောင်း ထည့်သွင်းရေးသားထားသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်သည် ကျားဖြန့် အွန်လိုင်းလောင်းကစားလုပ်ငန်း၊ လူကုန်ကူးမှုလုပ်ငန်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများစွာ၏ ပင်မလက်သည် တရားခံများပင်ဖြစ်၍ တရုတ်-မြန်မာ နှစ်နိုင်ငံလုံး၏ ဘုံရန်သူပင်ဖြစ်ကြောင်း၊ လက်ရှိတွင် အကြမ်းဖက်စစ်တပ်သည် ခုခံစစ်တိုက်ပွဲ ၊ လူထုတိုက်ပွဲ များကြောင့် တဖြည်းဖြည်း အရေးနိမ့်လာနေပြီဖြစ်ကြောင်းလည်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

ထိုသို့ မြန်မာနိုင်ငံတွင် ပြည်သူလူထု ထောက်ခံမှု လုံးဝ ကင်းမဲ့၍ အဘက်ဘက်က အထွေထွေအကျပ်အတည်းဆိုက်နေသည့်အတွက် ၎င်းတို့ သက်ဆိုးရှည်ရေးနှင့် အာဏာတည်မြဲရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တာဝန်ရှိသူများကို နည်းလမ်းပေါင်းစုံဖြင့် ချည်းကပ်၊ အကူအညီတောင်းနေသည်ဟု ကြားသိရကြောင်း၊ ထို့ပြင် ယခု ရက်ပိုင်းများအတွင်း အကြမ်းဖက်စစ်တပ်ကို ခုခံတွန်းလှန်နေမှုများ ရပ်တန့်ရန်၊ ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးရန်အတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအချို့ကို တရုတ်နိုင်ငံ၏ တာဝန်ရှိသူအချို့မှ ဖိအားပေးတောင်းဆိုခဲ့သည်ဟူ၍ သတင်းများကို မီဒီယာများမှ တစ်ဆင့် ကြားသိရ၍ မြန်မာပြည်သူများမှာ အလွန် အမျက်ဒေါသထွက်နေကြသည်ကိုလည်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် တရုတ်နိုင်ငံ၏ တာဝန်ရှိသူများအနေနှင် ဖက်ဆစ် စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်၍ ပြည်သူ့တော်လှန်ရေးကြီးကို အစွမ်းကုန် ဆင်နွှဲနေကြသည့် ပြည်သူများ၏ အသံနှင့် သဘောထားဆန္ဒကို အလေးထားဂရုပြုရန်၊ ပြည်သူများအပေါ်အနှောင့်အယှက် အဟန့်အတားဖြစ်စေပြီး အကြမ်းဖက်စစ်တပ်ကို သက်ဆိုး‌ရှည်စေနိုင်သည့် လုပ်ရပ်များဖြစ်သည့် နိုင်ငံရေး စစ်ရေးအရ ကူညီအားပေးထောက်ခံခြင်း၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို အကြမ်းဖက် စစ်အုပ်စုနှင့် မဖြစ်မနေ စေ့စပ်ဆွေးနွေးကြရန် အကျပ်ကိုင် ဖိအားပေးခြင်း စသည့် တရုတ်နိုင်ငံက ပြုမှု ဆောင်ရွက်နေခြင်းများ အမြန်ဆုံးရပ်တန်းက ရပ်ရန် တောင်းဆိုထားသည်။

တရုတ်နိုင်ငံ တာဝန်ရှိသူများအနေနှင့် အကြမ်းဖက်စစ်ကောင်စီ သက်ဆိုးရှည်ရေး၊ အာဏာတည်မြဲရေးအတွက် ထောက်ခံပံ့ပိုးမှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက မြန်မာပြည်သူများအနေနှင့် တုံ့ပြန်ဆောင်ရွက်သင့်သည်များကိုမဖြစ်မနေ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အိတ်ဖွင့်ပေးစာတွင် သတိပေးထားသည်။

ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ဆန္ဒပြနေကြသည့်မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article