မန်တုံမြို့ရှိ ခလရ-၁၃၀ တပ်စခန်း မကျဆုံးရေး စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး အလုံး ၂၀၀ ကျော် ကျဲချကာ အပြင်းအထန် ခုခံ တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား ပျက်စီး
■ ကျောက်မဲ၊ နမ္မတူ၊ မိုးကုတ်၊ ကွက်ခိုင်နှင့်လားရှိုးမြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့ရှိ ခလရ-၁၃၀ တပ်စခန်း မကျဆုံးရေး စစ်တပ်က လေကြောင်းဖြင့် ဗုံးသီး အလုံး ၂၀၀ ကျော် ကျဲချကာ အပြင်းအထန် ခုခံ တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၁ ရက် နံနက် ၉ နာရီခန့်က မန်တုံမြို့ရှိ စစ်ကောင်စီ၏ ခလရ-၁၃၀ တပ် စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်က မန်တုံမြို့ရှိ မန်တုံရဲစခန်း၊ လွယ်ကန်ကျေးရွာ၊ မန်ကန်ကျေးရွာ၊ ဒုက္ခသည်စခန်း အနီးတဝိုက်နှင့် ပန်နင်ကျေးရွာလမ်းလွဲတို့ကို ဗုံးသီး အလုံးရေ ၂၀၀ ကျော်ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကျဲရာတွင် Jet Fighter ဖြင့် ၁၈ ကြိမ်၊ Y12 လေယာဥ် ဖြင့် ၄၉ ကြိမ် အသုံးပြုခဲ့ပြီး ဗုံး အလုံး ရေး စုစုပေါင်း ၂၂၇ လုံး ကျဲချပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်များစွာ လေယာဥ်ဗုံးစ ထိမှန် ပျက်စီး ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ်မှ Mi17 ထောက်ပို့လေယာဥ်ဖြင့် လက်နက်ခဲ ယမ်းများကို မူဆယ်မြို့စခန်းတွင် ၁ ကြိမ်၊ မန်တုံမြို့တပ်စခန်းတွင် ၁ ကြိမ် လေထီးဖြင့် ပို့ဆောင် ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
အလားတူ ကျောက်မဲမြို့ရှိ အကြမ်းဖက် စစ်ကောင်စီတပ်မှ ကြူရှောကျေးရွာ၊ ဟိုဆွန်ကျေးရွာ နှင့် နမ့်မာန်ကျေးရွာအနီးတဝိုက်တွင် လက်နက်ကြီးဖြင့် ၈ ကြိမ်၊ နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းမှ ခိုဖိတ်ကျေးရွာ၊ မန်ကျန်၊ နမ့်မဆော်၊ နမ့်တောင်ကုန်းကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ၇၂ ကြိမ် ၊ မိုးကုတ်မြို့ရှိ စစ်ကောင်စီတပ်မှ အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် ၃ ကြိမ်၊ ကွတ်ခိုင်မြို့ရှိ စစ်ကောင်စီတပ်မှ ပန်ဆေးကျေးရွာနှင့် ကုန်းဆာကျေးရွာကြားသို လက်နက်ကြီးဖြင့် ၃ ကြိမ်၊ လားရှိးမြို့နယ်ရှိ စစ်ကောင်စီ ၆၈ ဂိတ်တပ်မှ အီနိုင်းကျေးရွာ၊ ပန်ဟုံကျေးရွာသို့ လက် နက်ကြီးဖြင့် ၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။