30 C
Yangon

ရန်ကုန် အပါအဝင် ပြည်နယ်/တိုင်းများတွင် စက်သုံးဆီများ ပြန်လည် ပြတ်လပ်ပြီး ကားများ တန်းစီနေရပြန်

Must read

ရန်ကုန် အပါအဝင် ပြည်နယ်/တိုင်းများတွင် စက်သုံးဆီများ ပြန်လည် ပြတ်လပ်ပြီး ကားများ တန်းစီနေရပြန်

■ တိုင်း/ပြည်နယ် စစ်ကောင်စီများနှင့် ဝန်ကြီးဌာနများအတွက် ဆီဆိုင်များတွင် ဆီလက်ကျန်တစ်ဝက်ကို အရေးပေါ် အသုံးပြုရန် မဖြစ်မနေ ချန် ပေးရမည်ဟု အမိန့်ထုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ရန်ကုန် အပါအဝင် ပြည်နယ်/တိုင်းများတွင် ယနေ့ နံနက်ပိုင်းမှစတင်၍ စက်သုံးဆီများ ပြန်လည် ပြတ်လပ်ပြီး ကားများ တန်းစီနေရကြောင်း ဆီလုပ်ငန်းရှင်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

စစ်ကောင်စီက အမေရိကန်ဒေါ်လာ ပြတ်လပ်မှုကြောင့် စက်သုံးဆီ မတင်သွင်းနိုင်တော့သဖြင့် လက်ကျန် စက်သုံးဆီ နည်းပါးလာချိန် ဒီဇင်ဘာလ ၂၀ ရက်နေ့မှစတင်၍ စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက Normal Purchase Order-PO များကို ပျှမ်းမျှ ၃ ရက်အတွင်း အပြီး ဆီထုတ်ယူရမည်ဖြစ်ကြောင်း၊ ဆီမထုတ်ယူနိုင်လျှင် အဆိုပါ ဆီခွဲတမ်း PO များကို ပယ်ဖျက်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းထုတ်ပြန်ချက်အပြီးတွင် ရန်ကုန်အပါ အဝင် နယ်ဆီကားများမှာ အချိန်မီ ဆီထုတ်ယူနိုင်မှု အလွန်နည်းပါးလာကာ ဆီပြတ်လပ်မှုများပါ ဖြစ်ပေါ်လာကြောင်း သိရှိရသည်။

” သီလဝါမှာ ရန်ကုန်ဆီဘောက်ဆာတွေရော နယ်ဆီဘောက်ဆာတွေရော ကြိတ် ကြိတ်တိုးနေကြပြီ။ ဆီမရကြလို့ အခု MMTM (မြတ်မေတ္တာမွန်) Terminal မှာ ကျနော် တို့ နယ်ဆီဘောက်ဆာကားတွေ ဆီမရလို့ ၃ ည ရှိပြီ စောင့်နေရတာ။ ဆီက အခု ခရိုနီ ဆိုင်တွေမှာ ဆီရှိပြီးတော့ အပြင်ကိုတောင် + တွေ နဲ့ ထုတ်ရောင်းနေတာ။ SME တွေက အာ့လေး တွေ ပြန် ဝယ်ရောင်းနေရတော့ ဈေးတွေလည်း ကြီးကုန် တာပေါ့။ ပြီးရင် အခုက အကုန် ဆီလှောင်တာတွေ လိုက်ဖမ်းနေတာ။ ဖမ်းရတဲ့ ဆီတွေ စစ်တပ်က သူတို့ယူမှာပေါ့။ သူတို့က တအား ငတ်နေကျတာ ဆိုတော့။ အခု ကြည့်လိုက် အကုန်လုံးက သူတောင်းစားထက်ဆိုးတယ်။ အတောင်းအရမ်းတွေ။ သူတောင်းစားက မပေးဘူး ပြောရင် ခွာသွားတယ်။ သူတို့က မရဘူး။ လူတိုင်းက ဆီ ကို လိုအပ်လို့ တာ။ အဲ့ဒါကို ဟိုဖမ်း ဒီဖမ်းနဲ့။ အခု ဆီသွင်းတဲ့ အင်ပိုတာတွေ + တွေနဲ့ ထုတ်ရောင်းနေတာ မသိသလိုနေကြတယ်။ အပြစ်ရှာစရာရှိရင် SME တွေကို မဲနေတာ။ BOC ဆို ဘောက်ဆာလိုက် + တွေနဲ့ကစ်တာ။ M4 mega၊ Kyaw San နောက်ထပ်များကြီးရှိသေးတယ်။ SME ဥက္ကဋ္ဌ တွေ ဆိုတာလည်း သူတို့ သာဖို့ပဲ သူတို့ လုပ်ရှားနေတာ။ အောက်က ဆိုင်ငယ်တွေ ကို ငဲ့တာ မဟုတ်ဘူး။

ဥက္ကဋ္ဌ တွေမှာကျတော့လည်း ဆီပေါတယ်။ အခု SME တွေ ဘဝက ခွဲတမ်းကျ လုံလုံလောက်လောက် မရ အဖိနှိပ်ခံ တွေ ဖြစ်နေတာ” ဟု SME အသေးစားနှင့်အလတ်စား ဆီဆိုင်ပိုင်ရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက်ပိုင်း ရန်ကုန်ဆီဆိုင်အများစုတွင် ဆီလုံလုံလောက်လောက်မရှိတော့ဘဲ ကားများ တန်းစီနေကြရကြောင်း၊ ဆီဆိုင်အများစုမှာ ဆီထုတ်မရ၍ ခေတ္တ ယာယီ အရောင်းရပ်ထားကြောင်း သိရှိရသည်။

ထိုသို့ ပြည်တွင်းတွင် ဆီပြတ်လပ်နေချိန် စစ်ကောင်စီက တိုင်းဒေသကြီးနှင့်ပြည်နယ် စစ်ကောင်စီများ၊ ဝန်ကြီးဌာနများအတွက် ဆီဆိုင်များတွင် ဆီလက်ကျန်၏ တစ်ဝက်ကို ရောင်းချခြင်းမပြုဘဲ အရေးပေါ် အသုံးပြုရန် ချန်ထားရမည်ဖြစ်ကြောင်း၊ ပဲခူးတိုင်း စစ်ကောင်စီက ပဲခူးတိုင်းအတွင်းရှိ ဆီတိုင်များတွင် ဆီအမျိုးအစားအလိုက် အနည်းဆုံး ဂါလန် ၅၀ တိုင်းဒေသကြီး၊ မြို့နယ်၊ ခရိုင် စစ်ကောင်စီများအတွက် ချန်ထားပေးရမည်ဖြစ်ကြောင်း အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

“ပြည်သူတွေ ဘဝတော့ မတွေးရဲစရာ။ ဆီတင်သွင်းဖို့အတွက်နဲ့ ပြန်ရောင်းချဖို့ ။ စာရွက်စာတမ်းတွေလည်း စုံနေအောင် လုပ်ရတယ်။ပြီးတော့ ပေးလိုက်ရတဲ့ ဆောင်လိုက်ရတဲ့ နှစ်စဥ် အခွန်တွေ။ အခုဒီမနက်ကိုပဲ သီလဝါမှာရှိတဲ့ Apex နဲ့ MMTM Terminal တွေမှာ ဆီ မထုတ်ပေးနိုင်လို့ ဆီဘောက်ဆာကားတွေ နည်းတာမဟုတ်ဘူး။ ဆီခွဲတမ်း PO ကိုလည်း ၃ ရက် သက်တမ်းပဲ ပေးထားတာကို သက်တမ်း ရက်ထပ်တိုးလည်း အော်နေကြတာပဲ။ မအလ လက်ထက်မယ် အကုန်လုံး ဒုက္ခရောက်ကြတယ်” ဟု ဆီလုပ်ငန်းရှင် ကြီးတစ်ဦးက ပြောဆိုသည်။

ယနေ့ ရန်ကုန်တွင် ၉၂ ဓာတ်ဆီတစ်လီတာ ၂၅၆၀ ကျပ်၊ ၉၅ ဓာတ်ဆီတစ်လီတာ ၂၆၆၀ ကျပ် အထိ စျေးနှုန်းမြင့်တက်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article