28 C
Yangon

၂၀၂၄ ခုနှစ်တွင် စိန်ခေါ်မှုအသစ်များနှင့် စစ်ရေး နိုင်ငံရေး အလှည့်အပြောင်းများ ထပ်မံ ဖြစ်ထွန်းလိမ့်မည်ဟု NUG ယာယီသမ္မတ ပြောဆို

Must read

၂၀၂၄ ခုနှစ်တွင် စိန်ခေါ်မှုအသစ်များနှင့် စစ်ရေး နိုင်ငံရေး အလှည့်အပြောင်းများ ထပ်မံ ဖြစ်ထွန်းလိမ့်မည်ဟု NUG ယာယီသမ္မတ ပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၆

မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၄ ခုနှစ်အတွင်း စိန်ခေါ်မှုအသစ်များနှင့် စစ်ရေး နိုင်ငံရေး အလှည့်အပြောင်းများ ထပ်မံ ဖြစ်ထွန်းလိမ့်မည်ဖြစ်ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၄၀ / ၂၀၂၃ အစိုးရအဖွဲ့ အစည်းအဝေးတွင် သမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“လာမယ့် ၂၀၂၄ ခုနှစ်ဟာ စိန်ခေါ်မှုအသစ် အများအပြားနဲ့ ထပ်မံ ကြုံတွေ့နိုင်တာတွေ ရှိနိုင်သလို၊ စစ်ရေး နိုင်ငံရေးအလှည့်အပြောင်းတွေလည်း ထပ်မံ ဖြစ်ထွန်းမယ့် နှစ် တစ်နှစ် ဖြစ်လာလိမ့်မယ်ဆိုတာ သတိချပ်စေချင်ပါတယ်။ ဒါ့ကြောင့် နှစ်သစ်ကို စတင် ဖြတ်သန်းကြတဲ့အခါမှာ ကျွန်တော်တို့ဟာ အမြော် အမြင် ရှိရှိ ကြိုတင်ပြင်ဆင်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ ပြင်ဆင်မှုတွေကို ကြိုတင် လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်တွေ့ မြေပြင်နဲ့ အပ်စပ်တဲ့ နိုင်ငံရေးသတင်းစကားတွေကို ပြည်သူလူထုထံ သဘောထား ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဖြန့်ဝေဖို့ လိုအပ်ပါတယ်” ဟု NUG သမ္မတက ပြောဆိုသည်။

မကြာမီ ပြီးဆုံးတော့မည့် ၂၀၂၃ ခုနှစ် တစ်နှစ်လုံး လုပ်ဆောင်ခဲ့သမျှ လိုအပ် ချက်၊အားနည်းချက်များကို ခွဲခြမ်းစိတ်ဖြာရန် အထူး လိုအပ်ပြီး မူအပေါ် အခြေ ခံ သည့် မဟာဗျူဟာ စဉ်းစားချက်များကိုလည်း ချမှတ်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“အခု ၂၀၂၃ ခုနှစ် တစ်နှစ်လုံးမှာ ကျွန်တော်တို့ လုပ်ခဲ့သမျှ၊ ကြိုးပမ်းခဲ့သမျှသော လုပ်ငန်းစဉ်အရပ်ရပ်ကို ပြန်လည် ဆန်းစစ် သုံးသပ်ပြီး လိုအပ်ချက်တွေ / အားနည်းချက်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ အထူးလိုအပ်တယ်လို့ ပြောချင်ပါတယ်။ နိုင်ငံအတွင်းမှာ ဖြစ်ပေါ်တိုးတက်နေတဲ့ တော်လှန်ရေးအခြေအနေတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်ပြောင်းလဲနေတယ်ဆိုတာ အားလုံး သိပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ မဟာဗျူဟာ စဉ်းစားချက်တွေကို လှေနံဓားထစ် တွေးခေါ် လုပ်ဆောင်တာမျိုး မဟုတ်ဘဲ ၊ အခြေအနေ / အချိန်အခါနဲ့ လိုက်လျောညီထွေဖြစ်အောင် သတိချပ်ဖို့ လိုပါတယ်။ ဒီလို လုပ်ဆောင်ရာမှာလည်း ကျွန်တော်တို့ဟာ မူအပေါ်မှာ အခြေခံတဲ့ မဟာဗျူဟာ စဉ်းစားချက်တွေဖြစ်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်” ဟု သမ္မတက ဆက်ပြောသည်။

လာမည့် နှစ်သစ်တွင် အစီအစဉ်အသစ်များ ၊ သာမန်လုပ်ရိုးလုပ်စဉ် ဘောင်ထဲမှ ဖောက်ထွက်ပြီး ဝန်ကြီးဌာနအသီးသီးက လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ စစ်အာဏာရှင် မချုပ်ငြိမ်းသရွေ့ လူထု၏ ဒုက္ခများ အဆုံးသတ်နိုင်မည်မဟုတ်ကြောင်း သမ္မတက ရှင်းပြသည်။

“သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ နှစ်ဟောင်းမှာ လုပ်ဆောင်ခဲ့သမျှသော လုပ်ငန်းဆောင်တာတွေကို ပြန်လည် သုံးသပ်ပြီး နှစ်သစ်အတွက် အစီအစဉ်သစ်တွေ ချမှတ်လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။ အဲသည့်လို အစီအစဉ်သစ်တွေ ချမှတ်တဲ့နေရာမှာလည်း သမားရိုးကျ အမြင်တွေကနေ ဖောက်ထွက်ပြီး တီထွင်ဆန်းသစ်တဲ့ အစီအစဉ်သစ်တွေဖြစ်အောင် ကြိုးစားကြဖို့ လိုပါတယ်။ လူထုကြားထဲ အာရုံစိုက်ခံရရင် ပြီးရောဆိုတဲ့ စိတ်နဲ့ နိုင်ငံရေးစတန့်ထွင်တာမျိုးတွေ မဖြစ်စေဖို့တော့ အထူး လိုအပ်ပါတယ်။ ဒါကို သတိချပ်ပြီး အခြေအနေနဲ့ ဆက်စပ်တဲ့ အစီအစဉ်သစ်တွေကို သာမန် လုပ်ရိုးလုပ်စဉ် ဘောင်ထဲက ဖောက်ထွက်ပြီး ဝန်ကြီးဌာနအသီးသီးက ချမှတ် လုပ်ဆောင်ဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ တော်လှန်ရေးမူနဲ့လည်း မသွေဖီစေဖို့ လိုသလို၊ သာမန် လုပ်ရိုးလုပ်စဉ် ဘောင်ထဲကနေလည်း ဖောက်ထွက်ကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်။ ဒီနှစ်ချက်က အထူးအရေးကြီးပါတယ်။ တော်လှန်ရေးကာလ အရှိန်မြင့်နေတဲ့အချိန်နဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ ခရစ်စမတ်နေ့ကလည်း ကြုံဆုံနေတာ တွေ့ရသလို၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း ပြည်သူလူထုအနေနဲ့ စစ်ဘေးရှောင်မှုတွေ များပြားလာတဲ့အတွက် ကျွန်တော့်အနေနဲ့ ဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အမြစ်ပြတ် ချုပ်ငြိမ်းအောင် မလုပ်နိုင်သရွေ့၊ အခုလို မင်္ဂလာရှိတဲ့ နေ့ရက်တွေဟာ လူထုရဲ့ ဘေးဒုက္ခနဲ့အတူ ဖြတ်သန်းနေကြရမှာ ဖြစ်ပါတယ်” ဟု သမ္မတက ပြောဆိုသည်။

လာမည့်နှစ်သစ်ကာလတွင် အသစ်သစ်သော အောင်မြင်မှု အချိုးအကွေ့များ တက်လှမ်းနိုင်ရေး အစိုးရအဖွဲ့ဝင်အားလုံးက ကြိုးစားရမည်ဖြစ်ပြီး ပြည်သူလူထုထံသို့ ငြိမ်သက်ခြင်း၊ အောင်မြင်ခြင်းနှင့် ဝမ်းမြောက်ခြင်းများ ယူဆောင်ကြရမည်ဟု သမ္မတက NUG အစိုးရ အဖွဲ့ဝင်အားလုံးကို မှာကြားသည်။

“လာမယ့် ၂၀၂၄ ခုနှစ်မှာ နောက်ထပ် အသစ်အသစ်သော အောင်မြင်မှု အချိုးအကွေ့တွေနဲ့ တက်လှမ်းနိုင်ဖို့ အစိုးရအဖွဲ့ဝင်အားလုံးက မိမိတို့ ဇွဲလုံ့လဝီရိယကို မြှင့်တင်ထားရမှာ ဖြစ်ပါတယ်။ နောင်လာမယ့် နှစ်သစ်မှာ ကျွန်တော်တို့ဟာ ခရစ္စ်မတ်ရဲ့ အနှစ်သာရကို ယူဆောင်ပြီး ပြည်သူလူထုထံ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းတွေကို ပိုမို အပ်နှံနိုင်ဖို့ လုံ့လထား ကြိုးစားဖို့ လိုကြောင်း တိုက်တွန်းချင်ပါတယ်။ နိဂုံးချုပ်အားဖြင့် ပြောကြားချင်တာကတော့ အခု ကျွန်တော်တို့ ဖြတ်သန်းတဲ့ ခရစ်စမတ်ရဲ့ အနှစ်သာရဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် သီးသန့် ဖြစ်တည်တဲ့ အနှစ်သာရ မဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လူသားတွေအတွက် ဖြစ်တည်တဲ့ အနှစ်အသားဖြစ်တယ်လို့ နှလုံးသွင်းကြဖို့ ဖြစ်ပါတယ်။ ဒီနှလုံးသွင်းမှုနဲ့အတူ ကျွန်တော်တို့ဟာ ပြည်သူလူထုထံကို ငြိမ်သက်ခြင်း၊ ငြိမ်းအေးခြင်းနဲ့ ဝမ်းမြောက်ခြင်းတွေကို အတူတကွ ယူဆောင်ကြဖို့ ဆန္ဒပြုရင်း နိဂုံးချုပ်ပါတယ်” ဟု သမ္မတက ပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article