ရခိုင်တွင် စစ်ကောင်စီ၏ လေကြောင်းဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် မြောက်ဦးမြို့ ဆင်ချဆိပ်အုပ်ချုပ်ရေးမှူး၊ စစ်ဘေးရှောင်ကလေးငယ် ၃ ဦး၊ အဘွားအို ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံး
ရန်ကုန်|ဒီဇင်ဘာ ၂၇
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ လေကြောင်းဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် မြောက်ဦးမြို့ ဆင်ချဆိပ်အုပ်ချုပ်ရေးမှူး၊ စစ်ဘေးရှောင်ကလေးငယ် ၃ ဦး၊ အဘွားအို ၁ ဦး အပါအဝင် ပြည်သူ ၅ ဦး သေဆုံးကြောင်း ဒေသပြည်သူများနှင့် AA သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ရခိုင်ပြည်နယ် မြောက်ဦးတွင် စစ်ကောင်စီမှ ပစ်ခတ်သည့်လက်နက်ကြီးကျ၍ ယနေ့ ဒီဇင်ဘာ ၂၆ ရက် မွန်းလွဲ ၁၁ နာရီဝန်းကျင်ခန့်တွင် ဆင်ချဆိပ်ရပ်ကွက်အုပ်ချုပ်ရေးမှူး သေဆုံးမှုရှိခဲ့ကြောင်း နီးစပ်သူများက ပြောသည်။
အုပ်ချုပ်ရေးမှူး ဦးမောင်ဘုမှာ မင်္ဂလာမာန်အောက်ဖက်သွားလမ်းတွင် လက်နက်ကြီးထိမှန်ခြင်းဖြစ်ပြီး နေရာတွင်ပင်သေဆုံးသွားကြောင်း မြောက်ဦး ဒေသခံတစ်ဦးက ပြောသည်။
“သူကရွာကနေရှောင်နေတာပါ။ သွားလိုက်လာလိုက်တော့ရှိမယ်။ ဒီနေ့တော့ လမ်းမှာသွားနေရင်း လက်နက်ကြီးကတည့်တည့်လာကျတယ်ထင်တယ်။ နေရာမှာပဲသေသွားတယ်” ဟုပြောသည်။
ဆင်ချဆိပ်ရပ်ကွက်တွင် စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း အမျိုးသားတစ်ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း ၃ ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ကိုယ်လက်အင်္ဂါဆုံးရှုံးမှုရှိခဲ့သည်။
လက်ရှိဆင်ချရပ်ကွက်အခြေနေမှာ နေအိမ်များအားလုံးနီးပါး ပြိုပျက်စီးနေပြီး ရပ်ကွက်နေသူများမှာ လုံခြုံမည့်နေရာတွင် ပုန်းခိုနေကြရသည်ဟု ဆင်ချဆိပ်ရပ်ကွက်တွင်းနေထိုင်သူ နောက်ထပ်တစ်ဦးကပြောသည်။
“ရပ်ကွက်အားလုံးပျက်စီးကုန်ပါပီ။ တစ်ချို့အိမ်တွေဆိုပြို၊ တစ်ချို့အိမ်တွေကပေါက်၊ အပင်တွေကျိုး၊ လူတွေသေ။ ကျနော်တို့အားလုံးအခု တစ်နေရာမှာပုန်းနေကြရပါတယ်။ စားစရာလည်းသိပ်မရှိကြပါဘူး။ ဆားနဲ့ထမင်းပဲ။ ဒါလေးတောင်ဘယ်တော့ပြတ်မလဲမသိဘူး” ဟုပြောသည်။
ဒီဇင်ဘာ ၂၄ ရက်အာရုဏ်တက်အချိန်မှစ၍ မြို့မရဲစခန်းအနီး နှစ်ဖက်တိုက်ပွဲများပြင်းထန်နေသည့် မြောက်ဦးတွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ၃ ရက်တာအတွင်း သေဆုံးသူ ၅ ဦးထိရှိနေပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိခဲ့ပြီဖြစ်သည်။
တိုက်ပွဲဖြစ်နေသည့် မြောက်ဦးတွင် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ၃၇၇၊ ၃၇၈၊ ၅၄၀ လက်နက်ကြီးဆက်တိုက်ပစ်ခတ်ခြင်း၊ စစ်ကောင်စီတပ်သားများမှ ဒေသခံများအားဖမ်းဆီးခြင်း၊ လူနေအိမ်များအားဝင်ရောက်စစ်ဆေးခြင်းတို့လုပ်ဆောင်မှုကြောင့် သောင်းနှင့်ချီသည့် မြောက်ဦးမြို့ခံများမှာ မြို့ကိုစွန့်ခွာခဲ့ကြပြီဖြစ်သည်။
ထို့ပြင် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်ကလည်း စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးက မြောက်ဦးမြို့ပေါ်ရှိ လူနေအိမ်၊ ရပ်ကွက်များအတွင်းသို့ တမင်တကာ လာရောက်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ တစ်ချိန်တည်းမှာပင် မြောက်ဦး အခြေစိုက် စကခ(၉) လက်အောက်ခံ တပ်ရင်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် မြောက်ဦးမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် လေးမြို့စားကျေးရွာ၊ ထမ္မရာဇ်ရပ်ကွက်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ခရိုင်ရုံးနှင့် ထွေအုပ်ရုံးတို့ မှာ မီးလောင်ပျက်စီးခဲ့ရကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီကျော်အချိန်ခန့်တွင်လည်း တောင်ဖြူဆည်နှင့် အနီးဝန်းကျင်နေရာများသို့ စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
တစ်ဆက်တည်းမှာပင် ယမန်နေ့ ည ၇ နာရီအချိန်ခန့်၌ မြောက်ဦးမြို့ကို စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် စစ်ဘေးရှောင်ပြည်သူများ ခေတ္တခိုလှုံနေသည့် ဘုရားပေါ်ဘုန်းကြီးကျောင်းဝင်းထဲရှိ ဓမ္မာရုံကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် တမင်ရည်ရွယ်ကာ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ဘေးရှောင်ကလေးငယ် ၃ ဦး နှင့် သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး သေဆုံးခဲ့ရပြီး ၂ ဦးမှာ ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက် (၉) နာရီဝန်းကျင်အချိန်ခန့် ရက္ခိုင်ပြည်၊ ပေါက်တောမြို့အား စစ်ကောင်စီ၏ နေဗီ (၄) စီးသည် ပေါက်တောမြစ်တစ်ဘက်ကမ်းမှ လက်နက်ကြီးများဖြင့် တစ်ပြိုင်နက်တည်း အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် သင်္ဘောဆိပ်၊ အမှတ် (၁) နှင့် အမှတ် (၂) ရပ်ကွက် တို့အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့၍ အဆိုပါရပ်ကွက်အတွင်းရှိ အရပ်သားလူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရကြောင်း၊ တစ်ဆက်တည်းမှာပင် ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်ကလည်း နန်းကျွန်းအနီးရှိ စစ်ကောင်စီ၏ နေဗီ (၁) စီးမှ မြင့်ဂါဘက်မှ လာသည့် ခရီးသည်တင်စက်လှေတစ်စီးအား ရမ်းကားပစ်ခတ်ခဲ့သဖြင့် ၎င်းစက်လှေဝမ်းဗိုက်ပေါက်သွားခဲ့ရပြီး ခရီးသည် အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ပုံစာ-အုပ်ချုပ်ရေးမှူး ဦးမောင်ဘုမှာ မင်္ဂလာမာန်အောက်ဖက်သွားလမ်းတွင် လက်နက်ကြီးကျ၍ သေဆုံးခဲ့စဉ်။