29 C
Yangon

အာဏာရှင်ဒေါက်တိုင် သိ့မဟုတ် တော်လှန်ရေး သက်ဆိုးရှည်စေမည့် စစ်ကောင်စီအလိုကျ ခရိုနီစီးပွါးရေးသမားများ

Must read

အာဏာရှင်ဒေါက်တိုင် သိ့မဟုတ် တော်လှန်ရေး သက်ဆိုးရှည်စေမည့် စစ်ကောင်စီအလိုကျ ခရိုနီစီးပွါးရေးသမားများ

By လမ်းသစ်

အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတကာ အရေးယူပိတ်ဆို့မှုတွေ များစွာပြုလုပ်နေတဲ့ကြားက စစ်တပ် ဒေါက်တိုင်အဖြစ် ရပ်တည်နေသေးတဲ့ စီးပွားရေးကုမ္ပဏီတွေ၊ ပုဂ္ဂလိကဘဏ်တွေ၊ အဖွဲ့အစည်းတွေဟာလည်း ရှိနေပါသေးတယ်။ ပြည်တွင်းရော ပြည်ပမှာပါ ရှိနေတာပါ။

အမေရိကန်နဲ့ အီးယူတို့က စစ်ကောင်စီအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ဂျက်လေယာဉ် လောင်စာဆီနဲ့ အရပ်သုံး၊ စစ်သုံး လောင်စာဆီတွေ ဝယ်ယူနိုင်အောင် ကြားက ကူညီနေတဲ့ ဘဏ်တွေ၊ ကုမ္ပဏီတွေ၊ သင်္ဘောအေဂျင်စီတွေလည်း ရှိနေပါတယ်။

ဒါတွေကို အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က တောင်းဆိုလိုက်ပြီး အဓိကချိုးဖောက်နေတာက အပြည်ပြည်ဆိုင်ရာ ဘဏ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတကာမှာတင် မဟုတ်ပါဘူး။ ပြည်တွင်းမှာလည်း ကြားနေလိုလို ဘာလိုလိုနဲ့ အဖြူအမည်း မသဲကွဲဘဲ မီးခိုးရောင် ဧရိယာထဲမှာ ငြိမ်နေတဲ့ လူတစ်စု ရှိနေပါသေးတယ်။ ဒီလူတွေဟာ တကယ်တမ်းမှာ စစ်တပ်က ခိုင်းသမျှကို လုပ်ပေးရင်း ခေတ်မကောင်းချိန် အချိုအချောင် နှိုက်ဖို့ စောင့်နေကြသူတွေလည်း ဖြစ်နိုင်ပါတယ်။

သူတို့ကိုယ်သူတို့ ဘယ်ဘက်မှ မလိုက်ဘူးလို့ ငြင်းနေပေမယ့် တော်လှန်ရေး အင်အားစုတွေဘက်ကတော့ သူတို့ကို စစ်တပ်ရဲ့ ဒေါက်တိုင်တွေအဖြစ် ရှုမြင်ကြပါတယ်။

အမြင်သာဆုံး စစ်တပ်ဒေါက်တိုင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုကို ငွေကြေးအရ အင်အားဖြစ်နေစေတဲ့ ဘဏ်လုပ်ငန်းရှင်တွေ အပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ကပဲ စီးပွားရေးလုပ်ငန်းရှင်များစွာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ကို ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာလိုက်ပါတယ်။

UMFCCI ဟာ ပြည်သူ့အကျိုးကို ဦးစားမပေးဘဲ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ကျူးလွန်နေတဲ့ စစ်တပ်ကို နည်းမျိုးစုံနဲ့ အကျိုးပြုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

UMFCCI ဟာ စစ်ကောင်စီအလိုကျ ချမှတ်နေတဲ့ စီးပွားရေးမူဝါဒတွေအတွက် ပူးပေါင်းပါဝင် ကူညီထောက်ပံ့နေတာလည်း ဖြစ်ပါတယ်။

ဒီလိုကြေညာလိုက်တဲ့ ဒီဇင်ဘာ ၂၄ရက်ကစလို့ ဒီအသင်းရဲ့ ပိုင်ဆိုင်မှုနဲ့ ဘဏ္ဍာငွေတွေကို ထုတ်နှုတ်မသုံးစွဲဖို့၊ ဒီအဖွဲ့အစည်းနာမည်နဲ့ ဆက်လက်လုပ်ဆောင်တဲ့ လုပ်ငန်းရှင်တွေနဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီ ထောက်ပံ့သူတွေအဖြစ် အရေးယူမယ်လို့ သတိပေးထားပါတယ်။

UMFCCI ဟာ ၁၉၁၉ ခုနှစ်မှာ ဗမာကုန်သည်ကြီးများအသင်းအနေနဲ့ စတင်ခဲ့ပြီး နှစ်ပေါင်း ၁ဝဝ ကျော် သက်တမ်းရှိပြီလို့ သူတို့အသင်းက ထုတ်ပြန်ထားပါတယ်။

ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေကို ကိုယ်စားပြုပြီး အမြတ်အစွန်း ရယူခြင်းမရှိတဲ့ အမျိုးသားအဆင့် အဖွဲ့အစည်းဖြစ်တယ်လို့ ကြေညာထားပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်လက်အောက်ခံ အဖွဲ့အစည်းတစ်ခုသဖွယ် ဖြစ်လာခဲ့ပါတယ်။

ကုန်စည်ပြပွဲ၊ ဆွေးနွေးပွဲနဲ့ အသင်းသားစုံညီ ညီလာခံတွေ ကျင်းပတဲ့ အချိန်တွေမှာလည်း အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် အာဏာရှင် လက်ပါးစေတွေကို ဖိတ်ကြားပြီး အလွန် ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိနေတာကို တွေ့ရပါတယ်။

UMFCCI အပြင် စစ်ကောင်စီနဲ့ လက်တွဲနေတဲ့ တခြားသော စီးပွားရေးအသင်းအဖွဲ့တွေကိုပါ အမည်ပျက်စာရင်း ကြေညာသင့်တယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

NUG ဟာ အခု ဒီဇင်ဘာလထဲမှာပဲ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ကျောက်မျက်ရတနာလုပ်ငန်း အသင်း ၃ခုက လုပ်ငန်းရှင် ၄၃ယောက်ကို အမည်ပျက်စာရင်း သတ်မှတ်ခဲ့ပါသေးတယ်။

အဲ့ဒီအသင်းတွေကတော့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၊ ကျောက်မျက်ရတနာ လုပ်ငန်းရှင်အသင်း(ရန်ကုန်) နဲ့ ကျောက်မျက်ရတနာလုပ်ငန်းရှင်အသင်း(မန္တလေး) တို့ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်အသင်းဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ တရားဝင်မှုနဲ့ အကျိုးအမြတ်အပေါ် အထောက်အပံ့ ဖြစ်စေတဲ့အတွက် စက်တင်ဘာလကတည်းက ဒီအသင်းကို ဖျက်သိမ်းကြောင်း ကြေညာခဲ့တာပါ။

ကျောက်မျက်ရတနာပြပွဲတွေဟာ အကြမ်းဖက်စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ရလမ်းတစ်ခုဖြစ်တာကြောင့် စစ်ကောင်စီက ဦးဆောင်တဲ့ ကျောက်မျက်ပြပွဲတွေမှာ ပါဝင်ရောင်းချတဲ့ ကုမ္ပဏီတွေကိုလည်း အမည်ပျက်စာရင်းသွင်းမယ်လို့ NUG က သတိပေးထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်အတွက် လက်နက်တွေဝယ်ယူဖို့ ပံ့ပိုးပေးနေတဲ့ လုပ်ငန်းရှင် ၉ယောက် စာရင်းကိုလည်း ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်တုန်းက ကြေညာခဲ့ဖူးပါတယ်။

ဒါတွေဟာ စီးပွားရေးသမားတချို့က တော်လှန်ရေး နှောင့်နှေးစေမှုမှာ ဘယ်လောက်အထိ ပါဝင်နေသလဲဆိုတာ သိသာမြင်သာစေပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း ပြည်သူတွေ သပိတ်မှောက်ရမယ့် စီးပွားရေးလုပ်ငန်းတွေကို မကြာခဏဆိုသလို ကြေညာနေတာ တွေ့မြင့်ရမှာပါ။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်အနေနဲ့ ပြည်သူ့အာဏာကို လုယူထားတာဟာ ၃ နှစ်နီးပါး ကြာမြင့်လာခဲ့ပါပြီ။

နိုင်ငံတကာ ဖိအားတွေ၊ စစ်ရေးဖိအားတွေနဲ့ ပြည်သူတွေ တညီတညွတ်တည်း ဆန့်ကျင်မှုတွေကြားက စစ်ကောင်စီ ဒီနေ့အချိန်ထိ မပြိုလဲသေးတဲ့နေရာမှာ တိုင်းပြည်သစ္စာဖောက် ခရိုနီ စီးပွားရေးသမားတွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါနေပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ လက်နက်မကိုင်နိုင်လို့၊ ငွေကြေးမထောက်ပံ့နိုင်လို့ တော်လှန်ရေးမှာ မပါဝင်နိုင်ဘူးလို့ မတွေးသင့်ပါဘူး။ စစ်တပ်ဒေါက်တိုင် စီးပွားရေးအုပ်စုတွေကို တစိုက်မတ်မတ် ဆန့်ကျင်သပိတ်မှောက်ရေး တော်လှန်ရေးရဲ့ တစ်ထောင့်တစ်နေရာမှာ ဆက်လက်ပါဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article