29 C
Yangon

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၃သိန်းကျော်အထိ တိုးလာပြီး စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီး လိုအပ်နေ

Must read

ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၃သိန်းကျော်အထိ တိုးလာပြီး စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီး လိုအပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲများဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးများနှင့် လေကြောင်း ပစ်ခတ်မှုများကြောင့် ပြည်သူ ၃ သိန်းကျော် စစ်ဘေးရှောင်ပုန်းနေရပြီး စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်ကြောင်း စစ်ရှောင်ကူညီရေး အဖွဲ့အစည်းများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ကြောင့် စစ်ရှောင်အရေအတွက်မှာ ယခင်စစ်ရှောင် ၅ သောင်းကျော်အပါအဝင် လက်ရှိ ၃သိန်းကျော်အထိ တိုးလာနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပေါက်တောမြို့၊ ရမ်းဗြဲမြို့၊ မင်းပြားမြို့နှင့် မြောက်ဦးမြို့တို့မှ မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည့် မြို့များဖြစ်ပြီး စစ်ရှောင်အရေအတွက် အများဆုံး မြို့နယ်များဖြစ်ကြောင်း၊ နိုဝင်ဘာလကုန်အထိ ပေါက်တောမြို့နယ်တွင် မြို့ပေါ်နေလူထုနှင့် ကျေးလက်ဒေသမှ လူထု စုစုပေါင်း ၄ သောင်းခန့် စစ်ရှောင်နေရခြင်း ဖြစ်ကြောင်း ၊ ဒီဇင်ဘာလ ပထမအပတ်အထိ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ အမ်း၊ မြေပုံနှင့် မင်းပြားမြို့နယ်တို့တွင် စစ်ရှောင်ဦးရေ ၁၆၀၀,၀၀ ကျော်ရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အရပ်ဘက်အဖွဲ့အစည်းများ၏ စာရင်းများအရ သိရျိရသည်။

ဒီဇင်ဘာလ တတိယ အပတ်တွင် မြောက်ဦးမြို့ပေါ်ရှိ လူဦးရေ ၅ သောင်းခန့်နှင့် ရမ်းဗြဲမြို့ပေါ်ရှိ လူဦးရေ ၃ သောင်းကျော်မှာ စစ်ဘေးရှောင်ခဲ့ရပြီး မင်းပြားမြို့ပေါ်ရှိ လူဦးရေ ၂ သောင်းပြည့်နီးပါးမှာလည်း စစ်ရှောင်နေခဲ့ကြောင်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ကျိန္တလီ၊ မာန်အောင်မြို့နယ်တို့တွင် စစ်ရှောင်ဦးရေ ၂ သောင်းကျော်အထိ ရှိနေကြောင်း ကူညီစောင့်ရှောက်နေသူများထံမှ သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့သည့် တိုက်ပွဲများအတွင်း ရခိုင်တစ်ပြည်လုံး စစ်ရှောင်ဦးရေမှာ ၂၈၀,၀၀၀ ကျော်ရှိပြီး ယခင်ရှိ စစ်ဘေးရှောင် ၅ သောင်းကျော်ဖြင့် ပေါင်းလျှင် လက်ရှိ စစ်ရှောင်အရေအတွက်မှာ ၃၃၀,၀၀၀ ကျော်အထိရှိလာပြီဖြစ်သည်။

အဆိုပါ စစ်ရှောင်များမှာ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းဗုံးကြဲမှုတို့ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများဖြစ်သော်လည်း အကြမ်းဖက်စစ်တပ်အနေနှင့် တစ်စုံတစ်ရာ ထောက်ပံ့ကူညီမှုများ ယခုအချိန် ပြုလုပ်ပေးခြင်းမရှိသေးကြောင်း၊ လက်ရှိ ရခိုင်စစ်ရှောင် ၃ သိန်းကျော်မှာ တစ်သီးပုဂ္ဂလ စေတနာရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုတို့ဖြင့် မပြည့်မစုံ စားသောက်နေထိုင်နေကြရကြောင်း ကူညီပေးနေသည့် အဖွဲ့အစည်းများက ပြောဆိုကြသည်။

လက်ရှိအချိန်တွင် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာနှင့် နေထိုင်ရေးများ အခက်တွေ့နေရကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများလည်း အရေးတကြီးလိုအပ်နေကာ စစ်ရှောင်များထဲမှာ ကိုယ်ဝန်ဆောင်များလည်း ပါဝင်နေကာ မကျန်းမမာဖြစ်နေသူများ၊ ကလေးများလည်း ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့နေသူများက ပြောကြားသည်။

ထို့ပြင် ဆောင်းတွင်းကာလဖြစ်၍ စစ်ဘေးရှောင်များမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရကာ အဝတ်အထည်များ မပါရှိကြသည့်အတွက် အနွေးအထည်များလည်း အရေးတကြီး လိုအပ်လျှက်ရှိကြောင်း သိရှိရသည်။

လက်ရှိ အချိန်အထိ အကြမ်းဖက်စစ်တပ်နှင့် AA တို့မှာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး ယနေ့ ဒီဇင်ဘာ ၂၈ နံနက် အစောပိုင်းတွင်လည်း မင်းပြားနှင့် မြောက်ဦးမြို့ကြားရှိ မြောင်းဘွေကျေးရွာရှိ ရဲ၊ စစ် ပူးပေါင်းတပ်စခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့မှ ဒီဇင်ဘာလ ၁၃ ရက်နေ့ တိုက်ပွဲတစ်လအတွင်းတွင် ရခိုင်ပြည်သူ ၃၂ ဦးသေဆုံးပြီး ၁၂၉ ဦးက ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၅ ဦးထက်နည်း သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးထက်မနည်း ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

(Western News သည် ရန်ကုန် ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်မီဒီယာဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article