ကောလင်းမြို့ပေါ်ရှိ အရှေ့စျေးကြီးကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရကာ နေအိမ် ၄ လုံးပျက်စီး
ရန်ကုန်၊ ဇန်နဝါရီ ၂
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ အရှေ့စျေးကြီးကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ၄ ဦး ပြင်းထန် ဒဏ်ရာရရှိကာ နေအိမ် ၄ လုံးပျက်စီးခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်မှ ၉ နာရီ ၂၁ မိနစ်ထိ ဝန်းသိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၁၂၀ တပ်ရင်းက ကောလင်းမြို့အတွင်းကို လက်နက်ကြီးဖြင့် ၈ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ၂ လုံးသည် ကောလင်းမြို့ အရှေ့စျေးကြီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး စျေးသည်များနှင့် စျေးဝယ်သော ပြည်သူ ၅ ဦး လက်နက်ကြီးကျည် ထိမှန်ကာသေဆုံးခဲ့ပြီး ပြည်သူ ၄ ဦးလည်း ထိခိုက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသော ပြည်သူများမှာ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၁ ဦး ဖြစ်ပြီး သေဆုံးသူများထဲတွင် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးပါဝင်ကြောင်း၊ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကောလင်းမြို့နယ် ပြည်သူမှပြည်သူသို့ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
လက်ရှိချိန် သေဆုံးသူများကို လူမှုကူညီရေးအဖွဲ့များမှ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ပြီး ဒဏ်ရာရှိသူများကိုလည်းသက်ဆိုင်ရာ ဆေးအဖွဲ့များမှ ဆေးကုသမှုပေးလျက်ရှိကြောင်း၊ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူပိုင် နေအိမ် ၄ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရသည်


