25 C
Yangon

စစ်ကောင်စီက တရုတ်ပြည်သူတွေကို ထိခိုက်သေဆုံးမှုတွေ ဖြစ်အောင် တမင် တကာ လက်နက်ကြီးတွေနဲ့ ယူနန်ပြည်နယ်ကို ပစ်ခတ်နေသလား

Must read

စစ်ကောင်စီက တရုတ်ပြည်သူတွေကို ထိခိုက်သေဆုံးမှုတွေ ဖြစ်အောင် တမင် တကာ လက်နက်ကြီးတွေနဲ့ ယူနန်ပြည်နယ်ကို ပစ်ခတ်နေသလား

ရန်ကုန်၊ ဇန်နဝါရီ ၄

အကြမ်းဖက်စစ်ကောင်စီက လောက်ကိုင်မြို့ကို လက်လွှတ် မဆုံးစေရေး ကြိုးစားလျက်ရှိရာမှာ လေယာဉ်နဲ့ ဗုံးကျဲတာ၊ လက်နက်ကြီပစ်ခတ်တာတွေကို ဆက်တိုက် လုပ်ဆောင်နေခဲ့ပါတယ်။

ဇန်နဝါရီလ ၃ ရက်နေ့ ) မနေ့ နေ့လယ်ပိုင်းက ကိုးကန့် လောက်ကိုင်မြို့ နန်ထျင်မင် တောင်ပေါ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကြိမ်းခမ်း ခရိုင် နန်စန်မြို့ Nan San 南伞 မြို့တွင်း ကားလမ်းဘေး ဆိုင်တစ်ဆိုင်ပေါ် ကျရောက် ပေါက်ကွဲရာ အရပ်သား (၅)ဦး ဒဏ်ရာရ ကြပါတယ်။

နန်စန်မြို့ ဟာ လောက်ကိုင်မြို့ ရန်လုံကျိုင်း နယ်စပ်ဂိတ် နဲ့ နယ်စပ်ချင်း ဆက်လျက် တည်ရှိပြီး မူဆယ်- ရွှေလီ ၊ ပန်ဆိုင်း(ကြူကုတ်) – ဝမ်တိန် ၊ မုံးကိုး-မန့်ဟိုင် လို နယ်စပ်မျဉ်းရဲ့ တစ်ဘက်ခြမ်းစီမှာ တည်ရှိနေပါတယ်။

၂၀၂၃ အောက်တိုဘာလကုန် ပန်ဆိုင်းကြူကုတ်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်တုန်းကလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည်တွေ တရုတ်နိုင်ငံ ဝမ်တိန်မြို့ထဲကို ကျရောက်ခဲ့ပါတယ်။ အဆောက်အဦတချို့ ပျက်စီးခဲ့ပါတယ်။

တရုတ်နိုင်ငံ ဝမ်တိန်မြို့ကတော့ မြန်မာနိုင်ငံ ပန်ဆိုင်းကြူကုတ်မြို့နဲ့ နယ်စပ်မျဉ်းပေါ်မှာ တဆက်တည်း တည်ရှိနေပြီး တိုက်ပွဲ ဖြစ်နေတဲ့ နေရာနဲ့ ဘောလုံးကွင်း တစ်ခုစာလောက်သာ ကွာဝေးခဲ့ပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလ ၃ ရက်နေ့ မနေ့ လက်နက်ကြီး ကျည် ကျရောက်တဲ့ နန်စန်မြို့ထဲ နဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နန်ထျင်မင် တောင်ကတော့ သုံးလေး ကီလိုမီတာကျော် ကွာဝေးပါတယ်။ မြန်မာနိုင်ငံ လောက်ကိုင်မြို့နယ် နဲ့ တရုတ်နိုင်ငံ နန်စန်မြို့နယ်ဟာ ၉၆ ကီလိုမီတာ အရှည် နယ်စပ်ချင်းဆက် တည်ရှိနေပါတယ်။

လောက်ကိုင် နယ်စပ်ဂိတ်ဖြစ်တဲ့ ရန်လုံကျိုင်း ကိုတော့ MNDAA က ဒီဇင်ဘာလ ၁၈ ရက်နေ့ ကတည်းက အလံထူ သိမ်းပိုက်ယူထားတာ ဖြစ်ပြီး လက်ရှိမှာ လောက်ကိုင်မြို့တွင်း ၈၀ ရာခိုင်နှုန်းလောက်ကိုလည်း MNDAA က ထိန်းချုပ်ထားပြီလို့ သိရပါတယ်။

နန်ထျင်မင် တောင်ပေါ်ရှိ စစ်ကောင်စီတပ်က လောက်ကိုင်မြို့တွင်းမှာ တစ်ခုတည်း ကျန်ရှိနေတဲ့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် ဒကစ (လောက်ကိုင်) မကျရှုံးရေးအတွက် လက်နက်ကြီး ပစ်ကူပေးနေရတဲ့အပြင် လေကြောင်း ပစ်ကူလည်း စစ်တပ်က နေ့စဉ် ပြုလုပ်နေပါတယ်။

ယူနန်ပြည်နယ်၊ နန်စန်မြို့ လက်နက်ကြီးကျည် ကျရောက်တဲ့ တည်နေရာ နဲ့ အရပ်မျက်နှာ အနေအထားအရ သုံးသပ်ကြည့်မယ် ဆိုပါက မတော်တဆ ဖြစ်စဉ် လို့ ပြောရခက်နေပါတယ်။ စစ်ခေါင်းဆောင်တွေက တရုတ်နိုင်ငံထဲ လက်နက်ကြီးတွေ ပစ်ခတ်ပြီး ခေါင်းမာမာနဲ့ ပဋိပက္ခ မီးတောက် ပိုကြီး ကျယ်ပြန့်လာအောင် ကြံစည်နေတဲ့ လက္ခဏာလို့ ဆိုရမှာပါ။

မနေ့ ဇန်နဝါရီလ ၃ ရက်နေ့ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ယူနန်ပြည်နယ်မှာ ပြည်သူ အနည်းဆုံး ၅ ဦးထက်မနည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- ယမန်နေ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ စစ်တပ်၏ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသားတစ်ဦး အပြင်းအထန်ဒဏ်ရာ ရရှိထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article