27 C
Yangon

မြောက်ဦးတွင် အရပ်သား ၃ဦးကို စစ်ကောင်စီ တပ်သားများက ပစ်သတ်ပြီး အလောင်းအား စွန့်ပစ်ထား၊ တစ်ဦး လက်နက်ကြီး ကျ၍ သေဆုံး

Must read

မြောက်ဦးတွင် အရပ်သား ၃ဦးကို စစ်ကောင်စီ တပ်သားများက ပစ်သတ်ပြီး အလောင်းအား စွန့်ပစ်ထား၊ တစ်ဦး လက်နက်ကြီး ကျ၍ သေဆုံး

ရန်ကုန်| ဇန်နဝါရီ ၁၀

ရခိုင်ပြည် မြောက်ဦးမြို့အတွင်းတွင် လမ်းမှာ သွားလာနေသည့် အရပ်သား သုံးဦးကို ဖမ်းဆီးပြီး မြောက်ဦးအခြေစိုက် ၅၄၀ တပ်ရင်းသို့ မရောက်ခင် သေနတ်ဖြင့် ပစ်သတ်ကာ အလောင်းအား လမ်းဘေးတွင် စွန့်ပစ်ခဲ့သည်။

ဇန်နဝါရီ ၉ ရက်နေ့ နေ့လယ် ၂ နာရီနှင့် ၅ နာရီ ဝန်းကျင်လောက်အတွင်းက မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းက စစ်ကောင်စီတပ်သားများမှာ မြို့အတွင်း သွားလာနေစဉ်တွင် လမ်းမှာတွေ့သည့် အရပ်သား သုံးဦးကို လူသားဒိုင်းကာအဖြစ် ဖမ်းသွားပြီးနောက် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြောက်ဦး ဒေသခံတစ်ဦးက ” ညီအစ်ကို နှစ်ယောက်ကို လမ်းမှာ တွေ့တယ်။ အဲ့ဒါကို နောက်ပြန်ကြိုးတုပ်ပြီးတော့ ခေါ်သွားတယ်။ စစ်ကောင်စီတပ်ရင်းမရောက်ခင်မှာ လမ်းမှာ ပစ်သတ်လိုက်တာ။ နောက်တစ်ယောက်ကတော့ အသက်ကြီးပိုင်း သူ့ကို နေ့လယ် ၂နာရီလောက် လမ်းမှာ တွေ့လို့ ပစ်သတ်လိုက်တယ်။ တစ်ပြိုင်တည်း သတ်လိုက်တာတော့ မဟုတ်ဘူး။ သတ်ပြီးတော့ ဒီအတိုင်း ပစ်ထားခဲ့တယ်”ဟုပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသူများမှာ အလယ်ဈေးရပ်ကွက်မှ အသက် ၅၂ နှစ်အရွယ် ဦးစံရွှေကျော်နှင့် ညီအစ်ကိုနှစ်ဦးဖြစ်ကြသည့် ရှောက်တောစုရပ်ကွက်မှ အသက် ၃၅ နှစ်အရွယ် ဦးထွန်းထွန်းဦး၊ အသက် ၂၈ နှစ်အရွယ် ကိုစောနိုင်ထွန်း တို့ ဖြစ်ကြသည်။

တစ်ချိန်းတည်းတွင် ယင်းနေ့ နေ့လယ်ပိုင်းက မြောက်ဦးအခြေစိုက် ၅၄၀ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကာ နှစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရပ်ကွက်နေထိုင်သူတစ်ဦးက “ညနေ ၅ နာရီကျော်လောက် ရှိမယ်။ မြောက်ဦးအခြေစိုက် ၅၄၀ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တယ်။ အဲ့ဒီမှာ ရပ်ကွက်က နေအိမ်တစ်လုံးကို ကျတယ်။ လက်နက်ကြီးရဲ့အစိုင်အခဲက ခေါင်းကို လာမှန်တယ်။ နေရာမှာပဲ သေဆုံးသွားတယ်။ နောက်နှစ်ယောက်ကတော့ မျက်လုံးနဲ့ လက်မောင်းတွေမှာ ဒဏ်ရာရတယ်”ဟုပြောသည်။

လက်နက်ကြီးကျည်ကျ၍ သေဆုံးသွားသူမှာ မြောက်ဦးမြို့၊ ဆင်ချဆိပ် ရပ်ကွက်မှ အသက် ၅၁ နှစ်အရွယ် ဦးမဲနောင်ချေနှင့် ဒဏ်ရာရရှိသူများမှာ အသက် ၇ နှစ်အရွယ်ရှိ မဘူမေချေအပါအဝင် နောက်ထပ်တစ်ဦးတို့ ဖြစ်ကြသည်။

ယင်းကဲ့သို့ မြောက်ဦးမှ အပြစ်မဲ့ပြည်သူလူထုတို့အား သတ်ဖြတ်သွားပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေသော ခမရ (၅၄၀) တပ်ရင်းအား ပြတ်ပြတ်သားသား လက်စားချေ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ယမန့်နေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။

အလားတူ ဇန်နဝါရီ ၉ ရက် မွန်းလွဲပိုင်းအချိန်ခန့်က ပုဏ္ဏားကျွန်းနယ် သာစည်ကျေးရွာမှတပ်စွဲနေသည့်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒီပါရုံကျေးရွာမှ လယ်သမားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီပါရုံကျေးရွာသားတစ်ဦးက “သာစည်တောင်ဖက်မှ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကပစ်လိုက်တာဖြစ်တယ်။ လယ်ကွင်းပြင်မှာကျပြီး သူ့ကိုကျည်စထိသွားတာ။ ညာဖက်လမ်းမောင်းမှာ ဒဏ်ရာရသွားတယ်” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူမှာ ပုဏ္ဏားကျွန်းမြို့နယ် ဒီပါရုံကျေးရွာမှ အသက် ၆၀ အရွယ် လယ်သမား ဦးအောင်သာထွန်းဖြစ်ပြီး မိမိလယ်ယာ၌ စပါးသိမ်းနေစဥ် လက်နက်ကျည်ကျထိမှန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article