28 C
Yangon

တအာင်းတပ်မတော်က သိမ်းပိုက်ထားသော နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနှင့် ကွတ်ခိုင်တို့တွင် လုံခြုံရေးနှင့်အုပ်ချုပ်ရေးယန္တရားအသစ် ဖော်ဆောင်မည်ဟု TNLA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ပြော ကြား

Must read

တအာင်းတပ်မတော်က သိမ်းပိုက်ထားသော နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနှင့် ကွတ်ခိုင်တို့တွင် လုံခြုံရေးနှင့်အုပ်ချုပ်ရေးယန္တရားအသစ် ဖော်ဆောင်မည်ဟု TNLA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ပြော ကြား

■ တော်လှန်ရေးတပ်များအနေဖြင့် စစ်တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက် ရမည့် အချိန်ရောက်ပြီ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားပြီဖြစ်သော နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ နမ့်ခမ်းနှင့်ကွတ်ခိုင်တို့တွင် လုံခြုံရေးနှင့်အုပ်ချုပ်ရေးယန္တရားအသစ် ဖော်ဆောင်မည်ဟု TNLA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ပြောကြားလိုက်သည်။

ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် “၆၁” မြောက် တအာင်းတော်လှန်ရေးနေ့ ဂုဏ်ပြု မိန့်ခွန်းတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

“စစ်အာဏာရှင်အုပ်စု အဆက်ဆက် လက်အောက်ခံ အုပ်ချုပ်ရေး ယန္တရားတွေရှိတဲ့ နမ့်ဆန်မြို့၊ မန်တုံမြို့၊ နမ္မတူမြို့၊ မိုင်းငေါ့မြို့၊ မိုင်းလုံမြို့၊ နမ့်ခမ်းမြို့၊ ကွတ်ခိုင်မြို့ အစရှိတဲ့ မြို့နယ် ၇ ခုအတွင်း အပြီးတိုင် တိုက်ထုတ်ဖယ်ရှားလိုက်တဲ့နောက် ဒေသခံ တိုင်ရင်းသားလူမျိုးမခွဲခြားဘဲ မှန်ကန် မျှတဲ့ တရားဥပဒေစနစ်ပေါ် အခြေခံပြီး တရားမျှတမှု ရှိတဲ့ ဥပဒေတွေ ရေးဆွဲ ပြဋ္ဌာန်းပြီးတော့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးယန္တရားအသစ် စတင်လည်ပတ်နိုင်အောင် လက်တွေ့ပူးပေါင်း ဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် တော်လှန်ရေးတပ်များအနေဖြင့် မိမိတို့ တပ်လှုပ်ရှားရာနယ်မြေများတွင် မြန်မာစစ်တပ်၏ တပ်စခန်းများကို လိုက်လံ ရှင်းလင်းတိုက်ခိုက်သိမ်းပိုက်ရမည့် အချိန်ဖြစ်ကြောင်း ၎င်းက သတိပေးပြောဆိုသည်။

“ဘ၀တူတော်လှန်ရေးတပ်ဖွဲ့များအနေနဲ့လည်း လက်ရှိ မြန်မာစစ်တပ်ရဲ့ ပကတိအခြေအနေတွေကို ရှုမြင် သုံးသပ်ပြီးတော့ မိမိတပ်လှုပ်ရှားရာနယ်မြေအတွင်းမှာရှိတဲ့ မြန်မာစစ်တပ်ရဲ့ တပ်စခန်းတွေကို လိုက်လံ ရှင်းလင်းတိုက်ခိုက်သိမ်းပိုက်ရမယ့်အချိန်လည်းဖြစ်တယ်လို့ ပြောကြားလိုပါတယ်” ဟု TNLA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း က ပြောဆိုသည်။

နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်အဆုံးသတ်နိုင်ရန် တော်လှန်ရေးအင်အာားများအကြား တစ် ဦး နှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အသိအမှတ်ပြုမှု၊ စုစည်း ညီညွတ်မှုများဖြင့် ဆက်လက် လက်တွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း TNLA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း ပြောကြားသည်။

“ယနေ့ ပြည်တွင်းစစ်ဖြစ်ပွားနေရတဲ့ ဇစ်မြစ်ကို လက်တွေ့ကျကျ ပြန်စိစစ်ကြည့်လိုက်ရင် အာဏာ ရှင် စစ်အုပ်စု အကျိုးစီးပွားအတွက် မြန်မာစစ်ခေါင်းဆောင်အဆက်ဆက် အလိုကျဖန်တီးနေတဲ့ နှစ် ပေါင်း (၇၀) ကျော်ပြည်တွင်း စစ်အချိန်ကာလကို အဆုံးသတ်နိုင်ဖို့ မိမိတို့ တော်လှန်ရေးအင်အားစု တွေ ဟာ တစ်ဦးပေါ်တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန် အလှန်လေးစားမှု၊ အပြန်အလှန်အသိအမှတ်ပြုမှု၊ စုစည်းညီညွတ်မှုများနဲ့ ဆက်လက်လက်တွဲ ဆောင်ရွက်သွားရမှာ ဖြစ်တယ်။” ၎င်းက ပြောကြား သည်။

စစ်ခေါင်းဆောင်များသည် တိုင်းပြည်ဘဏ္ဍာငွေများကို လိုသလိုအသုံးပြုခွင့်ရနေပြီး ပြည်ပရန် ကာကွယ်ရေးအတွက် ဝယ်ယူထားသည့် လေကြောင်းတိုက်ခိုက်ရေးပစ္စည်းများကို အသုံးပြုကာ ပြည်သူလူထုနေအိမ်များကို ဗုံးကျဲပြီး စစ်ရာဇဝတ်မှုများ တနေ့တခြားကျူးလွန်လာကြောင်း၊ ထို့ကြောင့် တောင်လှန်ရေးအင်အားစုများ ဝိုင်းဝန်းလက်တွဲပြီး တွန်းလှန်ရမည့်အချိန်ဖြစ်ကြောင်း သတိပေးထားသည်။

“တိုင်းပြည်ဘဏ္ဍာတွေကို စစ်ခေါင်းဆောင်တွေ လိုသလိုအသုံးပြုခွင့်ရရှိနေသေးသမျှ ပြည်သူလူထုမှ ဆင်းရဲ သထက်ပိုဆင်းရဲသွားတာကလွဲရင် တိုင်းပြည်မှာ ဘာမှတိုးတက်လာတာ မတွေ့ရှိရဘူး ဖြစ်နေတယ်။ ပြည်သူလူထု ထံကနေ ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေတွေနဲ့ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူပြီးတော့ ပြည်သူကို ပြန်လည်တိုက်ခိုက် တဲ့ နိုင်ငံ့တပ်မတော် ကမ္ဘာပေါ်မှာ မြန်မာစစ်တပ် တစ်ခုတည်းသာရှိတာကို မြင်တွေ့ရတယ်။ ပြင်ပရန်ကာကွယ်ဖို့ ဝယ်ယူထားတဲ့ လေကြောင်း တိုက်ခိုက်ရေး လက်နက်ပစ္စည်းတွေ တွင်တွင်အသုံးချပြီး ပြည်သူလူထုရဲ့ အိုးအိမ်တွေကို နေ့စဉ်နဲ့ အမျှ ဗုံးကြဲဖျက်ဆီးနေတဲ့ စစ်ရာဇာဝတ်မှုတွေ တနေ့ပြန်လည်ပြီးတော့ တာဝန်ခံမှု၊ တာဝန်ယူမှုရှိ လာအောင် မိမိတို့တော်လှန်ရေး အင်အားစုအနေနဲ့ ဝိုင်းဝန်းလက်တွဲပြီးတော့ တွန်းလှန်ရမယ့် အချိန်ဖြစ်တယ်။” TNLA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း တိုက်တွန်းပြောကြားသည်။

လက်ရှိ မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ ဖော်ဆောင်နေသည့် “၁၀၂၇” စစ်ဆင်ရေး၏ ရည်မှန်းချက် ဖြစ်သည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်နိုင်ရေးနှင့် မိမိဒေသ ကို ပိုမိုထိန်းချုပ်နိုင်ရေးတို့အတွက် စစ်အာဏာရှင်စနစ်ကို တော်လှန် နေကြသည့် ပြည်သူများနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြော ကြား သည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #TNLA #တအာင်းတပ်မတော်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article