ရခိုင်ပြည်နယ်၊ ကျောက်တော်၊ စစ်တွေတို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူ ၁၀ ဦးထက် မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရ
ရန်ကုန်၊ ဇန်နဝါရီ ၁၈
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် စစ်တွေမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ကြောင့် ပြည် သူ ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ဒေသ ပြည် သူများ၏ ပြောဆိုချက်နှင့် ညီနောင် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၅၆ မိနစ်အချိန် ကျောက်တော်မြို့နယ် ပီချောင်းဒေသ လင့်ဇင်ရွာသစ်ကျေးရွာသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်ရာ မြို့ပေါ်မှ ထွက်ပြေးလာသော စစ်ဘေးရှောင်များ နေထိုင် သည့် ဒေါ်ကြာလုံး၏ နေအိမ်ပေါ်သို့လည်းကောင်း၊ ဘုန်းတော်ကြီး ကျောင်း ဝင်း အတွင်းသို့ လည်းကောင်း၊ ကျေးရွာ စာသင်ကျောင်း တွင်လည်း ကောင်း လက်နက်ကြီးများ ကျရောက်ခဲ့ကြောင်း၊ လက်နက်ကြီးထိမှန်၍ သေဆုံး ထိခိုက်သူ အနည်းဆုံး ၁၀ ဦးအထက်ရှိနိုင်ကြောင်း ဒေသပြည်သူများက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“အိမ်တွေ ကျောင်းတွေ ဘုန်းတော်ကြီးကျောင်းတွေဆိုတာ ရစရာမရှိဘူး။ ပျက်စီးကုန်တာ။ သေဆုံးသူတွေကတော့ ကျောက်တော်မြို့ပေါ်ကနေ စစ် ရှောင်လာတဲ့ ပြည်သူတွေပါ။ သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁၀ ဦးအထက်ရှိ ပါတယ်။ ဆေးကုရမယ့်နေရာလည်း မရှိဘူး”ဟု လင့်ဇင်ရွာသစ်ကျေးရွာမှ စစ်ဘေး ရှောင် တစ်ဦးက ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ကျောက် တော် မြို့နယ် အခြေစိုက် စစ်ကောင်စီတပ်၏ စကခ ၉ တပ်မ လက်အောက်ခံ ခမရ ၃၇၆ က ၁၂၀ မမ လက်နက်ကြီးဖြင့် ပြည်သူများနေထိုင်ရာ နေရာများသို့ ပစ်ခတ်ရာ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာ၊ ရွာဟောင်းပိုင်းမှ အသက် ၅၂ နှစ်အရွယ် ဦးစောလှထွန်း ၏ ဝမ်းဗိုက် ကျည်ထိမှန် သေဆုံးကြောင်း သိရှိရသည်။
ထို့ပြင် ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် စစ်တွေမြို့နယ် ဝါဘိုကျေးရွာမှ ရွာသား၂ ဦးသည် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ထိမှန်ပြီး တစ်ဦးမှာ ခြေမျက်စိပွင့်ထွက်ဒဏ်ရာ၊ အခြားတစ်ဦးမှာ ရင်ဘတ် နှင့်ဝမ်းဗိုက်တို့တွင် လက်နက်ကြီးကျည်စများ ထိမှန်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ဇန်နဝါရီလ ၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်ကလည်း စစ်ကောင်စီ ၏ တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးမှ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ ဝဲကြီးထောင့်ကျေးရွာနှင့် အနီးတစ်ဝိုက်သို့ လေကြောင်းဖြင့် လာရောက် ဗုံးကျဲ တိုက်ခိုက်မှုရာ ပြည်သူ ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။
ယမန်နေ့၊ နံနက်အစောပိုင်း ရသေ့တောင်အခြေစိုက် စစ်ကောင်စီတပ်ရင်း များနှင့် တိုက်လေယာဉ်များက ရသေ့တောင်မြိုပေါ်ရပ်ကွက်များ အပါအဝင် အနီးအနားကျေးရွာများကိုလည်းကောင်း လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် မင်းပြားမြို့နယ်တွင်လည်း စစ်ကောင်စီ၏ ဂျက်ဖိုက်တာ ၂ စီးနှင့် Mi-35 ရဟတ်ယာဉ် ၁ စီးတို့က လေကြောင်းတိုက်ခိုက်ပစ်ခတ်မှု အပြင်းအထန် ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီ၏ စစ်သင်္ဘောက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် မင်းပြားမြိုနယ်၊ င/တန်းပျင်း ကျေးရွာတွင် ကျ ရောက် ပေါက်ကွဲခဲ့ပြီး ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်မှစ၍ ညအချိန် အထိ ရွာလုံးကျွတ်နီးပါး မီးလောင်ခဲ့ကြောင်း သိရှိရသည်။