မြင်းခြံမြို့နယ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ ဝက်လက်မြို့နယ်၊ ရွာသာကြီး စစ်တပ်အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၂၅
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၂ ခုကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မြင်းခြံမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ကြည်ရွာကျေးရွာနှင့် ရွာရှည်ကျေးရွာတို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော နေရာများကို ကျရောက် ပေါက်ကွဲခဲ့သော်လည်း စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၁တပ်ရင်း 27 Revolution Forces၊ ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့၊ မြင်းခြံ ပကဖ၊ Myingyan Danger Dynamite အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာ၌ အထိုင်ချ တပ်စွဲထားသော စစ်ကောာင်စီတပ်သား များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ် ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီ ၄၄ မိနစ်ခန့်က ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို Fixed Wings ဒရုန်းလေယာဉ်ဖြင့် 1kg ဒရုန်း ဗုံးသီး ၃ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကျဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက ရွှေဘို -မန္တလေး လမ်းမ ကြီးကို ပိတ်ပစ်လိုက်သဖြင့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု သိရှိရခြင်းမရှိသေး ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း Eagle Guerrilla Force ဗိုလ်ကောက်ရိုး အဖွဲ့နှင့် ကြောင်လက်သည်း အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။