ဆိုက်ခေါင်မြို့တွင် စစ်တပ်နှင့် PNO ပြည်သူ့စစ်က လက်နက်ကြီးများ တပ်ဆင်ပြီး ဆီဆိုင်မြို့ကို ပစ်ခတ်နေ၊ ပြည်သူများ ထွက်ပြေးနေရ
ရန်ကုန်၊ ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆိုက်ခေါင်မြို့တွင် စစ်တပ်နှင့် လက်အောက်ခံ ပြည်သူ့စစ် PNO တပ်များက မြို့တွင်းသို့ ဝင်ရောက်ပြီး လက်နက်ကြီးများ တပ်ဆင်ကာ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားသော ဆီဆိုင်မြို့ကို ပစ်ခတ်လျက်ရှိကြောင်း PNLA က တရားဝင်သတင်းထုတ်ပြန်သည်။
ယမန်နေ့၂၈ရက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စကစနှင့်လက်အောက်ခံ PNO အသွင်ပြောင်း ပြည်သူ့စစ်တို့သည် သထုံႏပေႏ(ဆီဆိုင်)မြို့နှင့် ပအိုဝ်းကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲခြင်း လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများ တစ်နေကုန်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်၏ ထိုသို့ တိုက်ခိုက်ခြင်းကြောင့် ပအိုဝ်းတို့ အထွဋ်အမြတ်ထားရာဖြစ်သည့် ကောင်ႏမူႏဗွာရွာဘုန်းတော်ကြီးကျောင်း၊ သထုံႏပေႏ(ဆီဆိုင်)မြို့လယ် အရိယာမဂ္ဂင်ဓမ္မာရုံ ၊ ဟိုခဲဘုန်းတော်ကြီးကျောင်းအတွင်းရှိ အဆောက် အဦအချို့နှင့် ဒေသခံပြည်သူလူထု၏ နေအိမ် အများအပြားပျက်စီးခဲ့ရကြောင်း PNLA က ထုတ်ပြန်ပြောဆိုသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တည်ငြိမ်နေသည့် ဆိုက်ခေါင်မြို့တွင်းသို့ ဝင်ရောက်ကာ လက်နက်ကြီးများတပ်ဆင်ပြီး သထုံႏပေႏ(ဆီဆိုင်)မြို့နှင့် ပအိုဝ်းကျေးရွာများကို ပစ်ခတ်တိုက်ခတ်မှုပြုလုပ်ခဲ့သဖြင့် ဆိုက်ခေါင်မြို့ရှိ ပြည်သူအများအပြားသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်ကောင်စီတပ်က ပအိုဝ်းမြို့ ပအိုဝ်းကျေးရွာများကို အကာအကွယ်ယူပြီး ပအိုဝ်းမြို့ ပအိုဝ်းကျေးရွာများကို ပြန်လည်ပစ်ခတ်ဖျက်ဆီးခြင်းဖြင့် စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း သိရှိရသည်။
“ဆိုက်ခေါင်နဲ့ ဆီဆိုင်က ၁၂ မိုင်လောက်ဝေးတယ်။ အဲဒါကို ဆိုက်ခေါင်မှာ လက်နက်ကြီးတွေ တပ်ဆင်ပြီး ဆီဆိုင်ကို ပစ်ခတ်နေတာ။ စစ်တပ်နဲ့ PNO ပြည်သူ့စစ်တွေက” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်ယန္တရားကို လည်ပတ်စေသည့် အသုံးချခံဘဝမှ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံး ကူးပြောင်းရပ်တည်ကြရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က တိုက်တွန်းထားသည်။
လက်ရှိအချိန်အထိ ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်ထောင်၊ တောင်းတပ်၊ ခိုရိုင်း၊ ထီဆုံ ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။


