မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး ပစ္စည်းများ လုယက် ခိုးယူ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး အဖိုးတန်ပစ္စည်းများကို လုယက်ခိုးယူနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့လယ်ပိုင်းတွင် မင်းပြားမြို့နယ် ကျားရဲပြင်ကျေးရွာကို စစ်ကောင်စီတပ်သားများက ဝင်ရောက်ပြီး ကျေးရွာအတွင်းက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသအမျိုးသမီးတစ်ဦးက ပြောသည်။
“နေဗီက ကျားရဲပြင်ကျေးရွာအနားက မြစ်ထဲမှာ ရှိနေတာ။ ရွာမှာ လူတွေ မရှိတော့ဘူး။ အကုန်စွန့်ခွာနေကြတယ်။ စစ်တပ်က ရွာကိုဝင်တယ်။ ကြက်တွေ၊ ဝက်တွေ ခိုးတယ်။ ပစ္စည်းတွေကိုခိုးတယ်။ ဘာမှ မရှိတော့ဘူးဆိုတော့ ရွာကို မီးရှို့တယ်။ နေဗီကလည်း မနေ့က တစ်လျှောက်ပစ်တယ်။ လေကြောင်းကလည်း မနေ့က လာပစ်တယ်”ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ ကျားရဲပြင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် မည်မျှ လောင်ကျွမ်းသွားသည်ကို လက်တစ်လော မသိရသေးကြောင်း အဆိုပါ စစ်သင်္ဘောနေဗီသည် ကျားရဲပြင် ကျေးရွာမြစ်နားတွင် ရှိနေကြောင်း သိရသည်။
ကျားရဲပြင်ကျေးရွာတွင် အိမ်ခြေ ၃၀၀ ကျော်ခန့် ရှိပြီး ယခင်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ မီးရှို့ခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း ထွက်ပြေးလာသည့် ကျားရဲပြင် ကျေးရွာသားများက ပြောသည်။
မင်းပြားမြို့ကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဘက်ကလည်း မင်းပြားမြို့ကို ပြန်လည် ရရှိရေး လေကြောင်း ရေကြောင်းများက ပြန်လည် ခုခံတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။
ဓာတ်ပုံ -အကြမ်းဖက်စစ်တပ်က ပြည်သူများနေအိမ်များကို မီးရှို့ ဖျက်ဆိးနေစဉ်။