35 C
Yangon

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသော အခြေအနေအရ ပြည်သူအားလုံး စစ်မှုထမ်းရေး မဖြစ်မနေ ကျင့်သုံးဖို့ လိုလာပြီး ပြည်သူများ ဂုဏ်ယူဝမ်းမြောက်စွာ ထမ်းဆောင်ကြဖို့ အကြမ်းဖက် ဇော်မင်းထွန်း တိုက်တွန်းနေ

Must read

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေသော အခြေအနေအရ ပြည်သူအားလုံး စစ်မှုထမ်းရေး မဖြစ်မနေ ကျင့်သုံးဖို့ လိုလာပြီး ပြည်သူများ ဂုဏ်ယူဝမ်းမြောက်စွာ ထမ်းဆောင်ကြဖို့ အကြမ်းဖက် ဇော်မင်းထွန်း တိုက်တွန်းနေ

ရန်ကုန်| ဖေဖော်ဝါရီ ၁၁

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေအရ ပြည်သူတွေအားလုံး စစ်မှုထမ်းရေး စနစ် မဖြစ်မနေ ကျင့်သုံးဖို့လိုလာပြီး ပြည်သူများ ဂုဏ်ယူဝမ်းမြောက်စွာ ထမ်းဆောင်ကြဖို့ အကြမ်းဖက် ဇော်မင်းထွန်း တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေ အကြမ်းဖက် ဇော်မင်းထွန်းက အဲဒီလို တိုက်တွန်းနေတာဖြစ်ပါတယ်။

“ဒီနေ့ ဒီအချိန်အခါမှာလည်း ကျနော်တို့အနေဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ ပြည်သူ့စစ်မဟာဗျူဟာ ပြည်သူအားလုံးပါဝင်တဲ့ အမျိုးသားစစ်မှုထမ်းဟနစ် မဖြစ်မနေ ကျင့်သုံးဖို့ လိုအပ်လာပါတယ်။ ဒါကြောင့်မလို့ ကျနော်တို့အနေနဲ့ ဒါတွေကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” လို့ ဇော်မင်းထွန်းက ပြောပါတယ်။

ပြိုင်ဘက်ရန်သူတွေကို မဟာဗျူဟာအရ ဟန့်တားဖို့ ပြည်သူတွေအားလုံး စစ်ထဲဝင်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို ဂုဏ်ယူဝမ်းမြောက်စွာ ထမ်းဆောင်ကြပါလို့ အာဏာသိမ်းစစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသွားပါတယ်။

မနေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းတဲ့ အမိန့်ကြေညာစာထွက်လာပြီးနောက် သူက ဒီစစ်မှုထမ်းဥပဒေနဲ့ ပက်သက်ပြီး စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေကနေတဆင့် ပြောဆိုသွားတာပါ။

” ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်းအားဖြင့် မိမိတို့နိုင်ငံရဲ့ကာကွယ်ရေး အင်အားနဲ့ မိမိတို့ပြည်သူလူထုရဲ့ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာအသိစွမ်းရည်တွေကို ပြသနိုင်မှာဖြစ်ပါတယ်။ ဒီလိုပြသနိုင်ခြင်းအားဖြင့် ပြိုင်ဘက်ရန်သူတွေဟာ ရန်ပြုလိုစိတ်၊ စစ်နဲ့ယှဉ်ပြိုင်လိုစိတ်များ ပျောက်ကွယ်သွားလျှင် ဟန့်တားရေးမဟာဗျူဟာအောင်မြင်ပါတယ်။ စစ်မဖြစ်ရဘဲဟန့်တားရေး မဟာဗျူဟာအောင်မြင်ခြင်းဖြစ်ပါတယ်။ စစ်ကိုဟန့်တားနိုင်တဲ့ စွမ်းရည်တွေရရှိလာမှာ ဖြစ်ပါတယ်” လို့ ဇော်မင်းထွန်းက ပြောပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် တာဝန်ရှိတယ်လို့လည်း သူက ဆိုပါတယ်။

ပြည်သူတွေကို စစ်မှုထမ်းဖို့ခေါ်တဲ့ စစ်စည်းရုံးခြင်းကို ဆောင်ရွက်ရတာဟာလည်း စစ်ရေးတာဝန်တစ်ခုတည်းကို ရည်မှန်းပြီးတော့ဆောင်ရွက်ရတာပါလို့ သူက ထပ်မံပြောဆိုပါတယ်။

စစ်တပ်က မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ၃နှစ်အကြာမှ အခုလို ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာဖြစ်ပြီး ဒီလုပ်ငန်းစဉ်ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်တဲ့ လုပ်ငန်းလမ်းညွှန်ချက်တွေနဲ့ အမိန့်တွေကို ဆက်လက်ထုတ်ပြန်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအကြား ၂၀၂၃ခုနှစ် နှစ်ကုန်ပိုင်းကစလို့ နိုင်ငံအနှံ့အပြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တပ်ရင်း၊ တပ်စခန်းပေါင်းမြောက်များစွာ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး တပ်ဖွဲ့ဝင်တွေလည်း အလုံးအရင်းနဲ့ ထွက်ပြေးစွန့်ခွာမှုတွေ ဖြစ်ခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article