မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံက ဦးဆောင်ပြုလုပ်မည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေး စင်္ကြန်ကို အမေရိကန်က ထောက်ခံ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
အကြမ်းဖက် စစ်တပ် အာဏာသိမ်းထားသော မြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် မြန်မာနိုင်ငံသားများအတွက် ထိုင်းနိုင်ငံက ဦးစီးပြုလုပ်မည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး စင်္ကြန်ကို နယ်စပ်တွင် အကောင် အထည်ဖော်မည်ကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်း ဘန်ကောက်ပို့စ်က သတင်းဖော်ပြသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကို အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် တွေ့ဆုံကြောင်း၊ တွေ့ဆုံပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken က ထိုင်းနိုင်ငံက နယ်စပ်တွင် စီစဉ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး စင်္ကြန်ကို ထောက်ခံသည်ဟု ပြောဆိုကြောင်း သိရှိရသည်။
“တွေ့ဆုံ ဆွေးနွေးမှုက အရမ်းကို အောင်မြင်ပါတယ်။ အမေရိကန်အနေနဲ့ အာဆီယံအရေးကိစ္စမှာ အထူးစိတ်ပါဝင်စားပြီး ဒေသတွင်း ထိုင်းနိုင်ငံရဲ့ မဟာဗျူဟာမြောက်အရေးကြီးမှု အခန်းကဏ္ဍကိုလည်း အသိအမှတ်ပြုတယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
“ကျနော်တို့ ထိုင်းက ဦးဆောင်မယ့် လူသားချင်းစာနာထောက်ထားမှု အကူ အညီ ပေးရေး ကော်ရစ်ဒါ နဲ့ပတ်သက်တဲ့ မြန်မာ့အရေးကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောတာက သူ့အနေနဲ့ ထိုင်းနိုင်ငံကို ထောက်ခံတယ်။ မြန်မာ့အကျပ်အတည်းနဲ့ပတ်သက်လို့ နောက်ထပ် ဆွေးနွေးမှုတွေလည်း ထပ်ရှိဦးမယ်” ဟု ထိုင်းနိုင်ငံခြားဝန်ကြီးက ဆက်လက်ပြောဆိုသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ အွန်လိုင်းလုံခြုံရေး(အွန်လိုင်းငွေလိမ်လည်ဂိုဏ်း) ကိစ္စများနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာများကိုလည်း အမေရိကန်နှင့် ထိုင်းတို့အကြား ဆွေးနွေးကြောင်း၊ နှစ်နိုင်ငံ အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများကို တားဆီးရေး ပါဝင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။
ခရီးစဉ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အထက်လွှတ်တော်အမတ်လည်းဖြစ်၊ အမေရိကန်လွှတ်တော်၏ အရှေ့အာရှ၊ ပစိဖိတ်နှင့် အပြည်ပြည်ဆိုင်ရာ ဆိုက်ဘာလုံခြုံရေးမူဝါဒ ဆပ်ကော်မတီ ဥက္ကဋ္ဌ Chris Van Hollen နှင့်လည်း တွေ့ဆုံဆွေးနွေးကြောင်း သိရှိရသည်။


