ပြင်ဦးလွင်၊ အောင်ချမ်းသာကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကျေးရွာသား ကိုဝေယံကို ပစ်သတ်ကာ လူငယ်များကို ဖမ်းဆီးသွား
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်း၍ လူငယ်များကို ဖမ်းဆီးကာ ကိုဝေယံဆိုသော လူငယ် ၁ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည သန်းခေါင်ယံအချိန် အကြမ်းဖက်စစ်သားများက အောင်ချမ်းသာကျေးရွာသို့ ဝင်ရောက်လာပြီး နေအိမ်များကို စီးနင်းကြောင်း၊ လူငယ်များကို ဖမ်းဆီးကာ နေအိမ်များ အတွင်းရှိ ပစ္စည်းများကို ဖျက်ဆီးကြောင်း၊ ထိုသို့ စစ်တပ်က သောင်းကျန်းနေစဉ် ကျေးရွာသား ကိုဝေယံမှာ ကြောက်လန့်၍ ထွက်ပြေးကြောင်း၊ ထို့ကြောင့် စစ်တပ်က ထွက်ပြေးသည်ဟုဆိုကာ ကိုဝေယံကို ပစ်သတ်လိုက်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။
“ရွာထဲက လူငယ်တစ်ယောက်က ပြေးတာမိပြီး ပစ်သတ်သွားတယ်။ အမျိုးသား လူငယ်တွေ အတော်များများဖမ်းသွားတယ်။ ဘယ်နှစ်ဦးဖမ်းခံရလဲ အတိအကျမသိသေးဘူး”ဟု ဒေသပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ပစ်သတ်ခံရသူ လူငယ် မောင်ဝေယံ သည် နိုင်ငံရေးနှင့်မပတ်သက်သော သာမန်ပြည်သူတစ်ဦးသာ ဖြစ်ပြီး အသက် ၂၀ ဝန်းကျင်သာရှိသေးကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ကိုဝေယံကို ၎င်းတို့၏ အစီအစဉ်ဖြင့် သဂြိုလ်လိုက်ကြောင်း၊ ယင်းနောက် စစ်ကားတစ်စီးက ရွာထဲတွင် လှည့်ပတ်နေခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
