ဂန့်ဂေါမြို့နယ်၊ သင်တောရွာမှ ပြည်သူ ၁၉ ဦးကို စစ်တပ် စစ်ကြောင်း ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်နေ၊ ရေဦးမြို့နယ်အတွင်း စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၆ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သင်တောရွာမှ ပြည်သူ ၁၉ ဦးကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီး အင်အား ၂၀၀ ဦးပါ စစ်ကြောင်းသည် သင်တောရွာမှ ပြည်သူ ၁၉ ဦးကို ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်နေကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ဖမ်းဆီးသွားသော ပြည်သူ ၁၉ ဦးမှာ ဦးလူဝ၊ ဦးဖိုးပြူး၊ ဒေါ်မဲတင်၊ ဒေါ်မဲချို၊ ဒေါ်မဲညို၊ အလေးဆွယ်၊ အလေးမြင့်၊ သင်းသင်းကြူ၊ ဒေါ်ကြည်သန်း၊ ဒေါ်ပွေးဌေး၊ ခင်စန်းယု၊ အိဖြူခိုင်၊ အိမေ၊ နှောင်းနှောင်း၊ ငုမလေး၊ ဒေါ်အလေးသား၊ သင်းသင်းလှိုင်၊ သန္တာဝင်းနှင့် မညီမလေး တို့ ဖြစ်ကြောင်း သိရှိရသည်။
“ကလေးတွေရော၊ အမျိုးသမီးတွေရော၊ ယောက်ျားလေးကတော့ ၂ ယောက်ပါတယ်၊ အထဲမှာဖမ်း ထားတယ်လို့ ကြားတာပဲ မြောက်ခင်ရန်းရွာထဲရယ်လို့တော့ ပြောလို့မရဘူး၊ ပျူစောထီး ၁၂ ရွာထဲက ရွာတစ်ရွာမှာရှိတာတော့သေချာတယ်၊ သတ်ပစ်တာဘာညာတော့ မကြားမိသေးဘူး၊ စစ်ကြောင်းက မြစ်သာမြစ်အရှေ့ဘက်ကမ်းက စန်းမြို့ရွာဘက်ရောက်နေတယ်၊ အင်အားကလည်းထပ်ဖြည့်တယ် ဆိုတော့ ၄၀၀ လောက်ရှိနေပြီ၊ စန်းမြို့ရွာ စာသင်ကျောင်းနဲ့ဆေးခန်းကို ညတုန်း ကမီးရှို့လိုက်ပြီ၊ အိမ်တွေကတော့ အရင်ကတည်း က မီးရှို့ထားလို့ ပြောင်ပြီး စာသင်ကျောင်း နဲ့ဆေးခန်းပဲကျန်တာ လေးကို မီးရှို့သွားတာ၊ ပြည်သူတွေ နောက်ထပ် ဖမ်းဆီးခံရမှုမျိုးတော့ မကြားမိ သေးပါဘူး။ PDF နှစ်ဦးကို မီးရှို့သတ်ဖြတ်ပြီးတော့ စစ်တပ်က သူတို့ကို လက်နက်တွေ အမြောက်အများတပ် ဆင်ပေးလိုက်တာ အဲဒီတော့ ဒီကောင်တွေက ဒီလူတွေကို ငါတို့ လူမျိုးတုန်းသတ်ဖြတ်လို့ရတယ်၊ ငါတို့ ဖမ်းချင်သလို ဖမ်း၊ သတ်ချင်သလိုသတ်၊ ပြည်သူတွေလည်းမညှာဘူးဆိုတဲ့ ပုံစံမျိုးတွေ ယုံကြည် ချက်ရသွားသလိုဖြစ်သွားတာ၊ အဲဒီတော့ လက်နက်ရပြီးတော့ အနီးနားက ရွာငယ်လေးတွေကို စစ်ကြောင်းထိုးတယ်။ မီးရှို့တယ်အဲဒီလိုတွေလုပ်နေတာ” ဟု ဒေသနေ ပြည်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သင်တောကျေးရွာ၊ ရွှေဘိုကျေးရွာနှင့် ရေသာကျေးရွာမှ ပြည်သူ ၁၀ ဦးကိုလည်း သေနတ်ဖြင့် ဦးခေါင်းတေ့၍ အစုလိုက်အပြုံလိုက် ပစ်သတ်သွားကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် ထပ်မံ စစ်ကြောင်းထိုးနေ၍ ကျေးရွာ ၁၆ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အောင်သာရွာ၌ ၂ ညအိပ် တပ်စွဲခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့နှင့် ၂ မိုင်ခန့် ကွာဝေးသော နှောကုန်းရွာနှင့် ဇဝရွာဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး လက်ရှိချိန်တွင် မူးချောင်း အနောက်ဘက်ရှိ ဝက်ဖိုးရွာထဲတွင် ရောက်ရှိနေကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းမှုကြောင့် လက်ရှိချိန်တွင် ရွာမိဿာ၊ မုတ်စီ၊ ငြုတ္တုံ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ဇဝ၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ ကုန်းသာ၊ ရွာသစ်၊ ချမ်းသာ၊ မဲအိုး၊ အင်ပထိုးနှင့် ထန်းဘဲလှ စသည့် ကျေးရွာများမှ ပြည်သူ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေး စစ်ကြောင်းက အောင်သာရွာကနေ အခုမနက် နှောကုန်းနဲ့ ဇဝရွာဘက်ကို ထပ်ထိုးလာတယ်။ အခုလက်ရှိ ဇဝရွာဘက်ကနေ မူးချောင်း အနောက်ဘက် ဝက်ဖိုးရွာကို ဆက်ဝင်နေတယ်။ ဇဝရွာရဲ့ အရှေ့ကို ဆက်သွားရင် ရေဦးမြို့ထဲကို ဝင်ဖို့များပေမယ့် အခုက ဇဝရွာ အနောက်ဘက် မူးချောင်းတံတားကူးပီး ဝက်ဖိုးရွာဘက်ပြန်ခေါက်တာ အခုလက်ရှိတော့ ညပိုင်းမှ အပြင်ထွက်အိပ်ရတဲ့ရွာတွေကအစ ထွက်ပြေးနေကြရတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။


