ရှမ်းပြည်နယ် အထူးဒေသ ၁ တွင် ဒေသပြန်လည် တည်ဆောက်ရေးအတွက် အလုပ်သမားနှင့် နည်းပညာရှင်များ ဖိတ်ခေါ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ် အထူးဒေသ ၁ တွင် ဒေသပြန်လည် တည်ဆောက်ရေးအတွက် အလုပ်သမားများ နှင့် နည်းပညာရှင် အမြောက် အမြားလိုအပ်နေသည့်အတွက် ပြည်ပအလုပ်သမားနှင့် နည်းပညာရှင်များ ခေါ်ဆောင်ရန် အလုပ်သမားဝန် ဆောင်မှုကုမ္ပဏီများကို တည်ထောင် ဖွင့်လှစ်ရန် မြန် မာ နိုင်ငံ ရှမ်းပြည်နယ်အထူးဒေသ ၁ စစ်ရေးအုပ်ချုပ်မှုကော်မတီက ဖိတ်ခေါ်သည်။
စီးပွားရေး လုပ်ငန်းပိုင်ရှင်များအနေဖြင့် အလုပ်သမားဝန်ဆောင်မှု ကုမ္ပဏီတွင် လိုအပ်သည့် အလုပ်သမား အမျိုးအစားကို သွားရောက်စုံစမ်းလေ့လာနိုင်ကြောင်း၊ ထို့ပြင် အလုပ်သမားဝန်ဆောင်မှုများနှင့် အလုပ်သမားများအတွက် စည်းမျဉ်း စည်းကမ်းများကို ထုတ်ပြန်ထားပြီး မလိုက်နာပါက အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အထူးဒေသ ၁ စစ်ရေးအုပ်ချုပ်မှုကော်မတီအနေဖြင့် အလုပ် သမား ဝန်ဆောင်မှု ကုမ္ပဏီတည်ထောင်လိုသူများကို ကြိုဆိုကြောင်း၊ အလုပ်သမားများ အနေဖြင့် မိမိသဘောအတိုင်းအလုပ်ရွေးချယ်ခြင်း သို့မဟုတ် အလုပ် သမားဝန်ဆောင်မှုကုမ္ပဏီထံတွင် ပွဲစားခပေးဆောင်ပြီး အကူအညီတောင်းခြင်းများကို လုပ်ဆောင်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် ဒေသအုပ်ချုပ်ရေးကော်မတီအနေနှင့် လုပ်ငန်းပိုင်ရှင်မှ မိမိသဘောဖြင့် အလုပ်သမားများကိုခေါ်ယူ ခွင့်ပြုသော်လည်း ခေါ်လာသောအလုပ်သမားများအနက် ရန်သူ့ သူလျှိုများတွေ့ရှိပါက ခေါ်ယူသော ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းပိုင်ရှင်များကို အရေးယူသွားမည်ဖြစ်ပြီးကုမ္ပဏီများသည် အလုပ်သမားခေါ်ယူမှုဆိုင်ရာစည်းကမ်းချက်များကို တင်းကျပ်စွာ လိုက်နာရမည်ဖြစ်ကြောင်း၊ အလုပ်သမားများ၏ နိုင်ငံရေးနောက်ခံကို အသေးစိတ်စစ်ဆေးပြီး ရန်သူ့ အေးဂျင့်များစိမ့်ဝင်ခြင်းကို အထူးကာကွယ်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
အလုပ်သမားများကို အတင်း အဓမ္မခိုင်းခြင်း၊ အလုပ်သမားများကို လိမ်ခေါ် ပြီး ဆန္ဒနှင့်မကိုက်ညီသောအလုပ်များစေခိုင်းခြင်းနှင့် ကလေးအလုပ်သမား အသုံးပြုခြင်းများကိုလုံးဝကန့်ကွက်တားမြစ်ပြီး တွေ့ရှိပါကပြင်းပြင်းထန်ထန်အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။
စီးပွားရေး လုပ်ငန်းပုံစံနှင့် စံနှုန်းများကို လုပ်ငန်းရှင်နှင့် အလုပ်သမားများ ဆန္ဒအလျောက် ဆုံးဖြတ်နိုင်ကြောင်း၊ အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီ၏ ပွဲစားခ ကောက်ခံမှုစံနှုန်းများကို လုပ်ငန်း၏ အမျိုးအစားအလိုက် အလုပ်သမားနှင့် အလုပ်ရှင်များကို ကြိုတင်ဖွင့်ဆိုရှင်းပြရမည်ဖြစ်ပြီး အလုပ်သမားလိမ်လည်မှုကိုလုံးဝ တားမြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လုပ်ငန်းရှင်နှင့် အလုပ်သမားကြား လုပ်ငန်ခွန်ငြင်းပွားမှုများဖြစ်ပွားပါက သက်ဆိုင်ရာ ဥပဒေဌာနသို့ တရားစွဲခြင်း သို့မဟုတ် အလုပ်သမားဝန် ဆောင်မှုကုမ္ပဏီထံ အကူအညီတောင်းပြီး ညှိုနှိုင်းဖြေရှင်းနိုင်ကြောင်း၊အလုပ် သမားများအားလုံးသည် အထူးဒေသရဲတပ်ဖွဲ့တွင် လုပ်ငန်းကဒ်လျှောက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကဒ် ရှိသူများသည် ဒေသအတွင်း၍ ခေတ္တနေထိုင်ခွင့်ရှိသော်လည်း ရပ်ကွက်ကျော် ရွှေ့ပြောင်းနေထိုင်ခြင်း ခွင့်မပြုကြောင်း သိရှိရသည်။
အလုပ်သမားဝန်ဆောင်မှုကုမ္ပဏီများက လျှောက်ထားသော လုပ်ငန်းကဒ်ကို ရဲတပ်ဖွဲ့မှ ဦးစွာလက်ခံလုပ် ဆောင်ပေးပြီး ပြည်ပမှ ရောက်ရှိလာသောအလုပ်သမားများကို အချိန်မီလုပ်ငန်းဝင်နိုင်ရန် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း စည်းကမ်းချက်တွင် ပါရှိကြောင်း သိရှိရသည်။
