ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ၂၆၆၉ ဆုံးဖြတ်ချက်ကို စစ်ကောင်စီက မလိုက်နာသဖြင့် အရေးယူနိုင်သော ဆုံးဖြတ်ချက် ချမှတ်ရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း လုံခြုံရေးကောင်စီသို့ တင်ပြတိုက်တွန်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ၂၆၆၉ ဆုံးဖြတ် တောင်းဆိုချက်များကို စစ်ကောင်စီက မလိုက်နာသဖြင့် အရေးယူဆောင်ရွက်နိုင်သည့် ဆုံးဖြတ်ချက်မျိုးကို ချမှတ်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက် တွန်း ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ကုလသမဂ္ဂ လုံခြုံရေးကောင်စီ “The Impact of Climate Change and Food Insecurity on the Maintenance of International Peace and Security” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် တံခါးဖွင့် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထိုသို့ ပြောဆို တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းမှ ဆောင်ရွက်မည့် မည်သည့် ဆောင်ရွက်ချက်မဆို စစ်အာဏာရှင် သက်ဆိုးရှည်စေရေးအတွက် မဟုတ်ဘဲ မြန်မာပြည်သူများ ကာလရှည်ကြာ လိုလားတောင်းတခဲ့သည့် လွတ်လပ်၍ ငြိမ်းချမ်းသော၊ အားလုံးပါဝင်သည့် တရားမျှတသော ဒီမိုကရေစီလူ့အဖွဲ့အစည်း တည်ထောင်ရေး၊ ပြည်သူများ၏ ရည်မှန်းချက် အကောင်အထည်ဖော်ရေးအတွက်သာ ဖြစ်သင့်ကြောင်း ဦးကျော်မိုးထွန်းက တိုက်တွန်း သည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ပြီးနောက် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ လက်ရှိတွင် တရားမဝင် စစ်အာဏာရှင်များနှင့် ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အာဏာရှင်စနစ်သည် မြန်မာနိုင်ငံနှင့် ပြည်သူများ၏ အနာဂတ်အတွက် လက်ရှိနှင့် ရေရှည်ခြိမ်းခြောက်မှု အရှိဆုံးဖြစ်ကြောင်း သံအမတ်ကြီးက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို ရှင်းပြသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ ဆိုးရွားသော အာဏာသိမ်းကြိုးပမ်းမှုနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုတို့၏ နောက်ဆက်တွဲကြောင့် လူပေါင်း ၁၉ သန်းနီးပါး သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အထူးလိုအပ်လျက်ရှိပြီး ထိုအနက်မှ ကလေးသူငယ်ပေါင်း ၆ သန်းခန့်သည် အသက်အရွယ်အလိုက် လိုအပ်သည့် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု မဆောင်ရွက်နိုင်ခြင်း၊ ပညာသင်ကြားခွင့်မရရှိခြင်း၊ စားနပ်ရိက္ခာလုံလောက်စွာ မရရှိခြင်းနှင့် အာဟာရချို့တည့်ခြင်းတို့ကို ရင်ဆိုင်ရလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာမလုံလောက်မှုအခြေအနေ ဤသို့ဆိုးရွားလာရခြင်းမှာ စစ်တပ်မှ မြန်မာပြည်သူများအပေါ် လူမဆန်စွာ အကြမ်းဖက်မှုများ ကျူးလွန်ခြင်း၏ တိုက်ရိုက်အကျိုးရလဒ်ပင်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က မြန်မာပြည်သူများအပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုပေါင်း များစွာကို ကျူးလွန်ခဲ့ပြီး စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် ပျူးစောထီးခေါ် ပြည်သူ့စစ်အဖွဲ့ဝင်များ၏ ရက်စက်ကြမ်းကြုတ်မှုများသည် အခြေခံကျသော လူသားဆန်မှုနှင့် လုံးလုံးလျားလျား ဆန့်ကျင်သွေဖည်ကြောင်း၊ မကြာသေးမီက ပေါ်ထွက်လာခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဉီး ကို လူမဆန်စွာ အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခဲ့မှုနှင့် ဤလုပ်ရပ်ကို အားပေးနေမှုသည် မြန်မာနိုင်ငံလူ့အဖွဲ့အစည်း တစ်ရပ်လုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့ကြောင်း၊ ထိုမျှမက အကြမ်းဖက်စစ်တပ်သည် စစ်ဘက်၊ အရပ်ဘက်ပစ်မှတ်များ ခွဲခြားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က ကရင်နီပြည်နယ်၊ ဒီမိုဆိုမြို့နယ်ရှိ စာသင်ကျောင်း တစ်ကျောင်းကို စစ်တပ်က လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်အတွက် အပြစ်မဲ့ အရပ်သားကလေးငယ် ၄ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့သည် စာသင်ကြားနေကြသည့် သူများသာဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။
အကြမ်းဖက်စစ်တပ်က မကြာသေးမီက အသက်သွင်းခဲ့သည့် စစ်မှုမထမ်းမနေရ ဥပဒေ ကြောင့်လည်း မြန်မာပြည်သူပြည်သားများ၊ အထူးသဖြင့် လူငယ်များအတွက် နောက်ထပ် စိုးရိမ်စရာအခြေအနေတစ်ရပ် ဖြစ်လာကြောင်း၊ အကြမ်းဖက်စစ်တပ်က တရားမဝင်သည့်အတွက် စစ်မှုထမ်း ဥပဒေကို အသက်သွင်းခြင်းသည်လည်း တရားမ၀င်သည့်လုပ်ရပ်ပင်ဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် အင်အားအလွန်နည်းပါနေပြီး စစ်အင်အားလုံလောက်မှုမရှိသည်ကို ပြသနေကြောင်း၊ ထို့အပြင် ပြည်သူများအနေဖြင့် အတင်းအဓမ္မလူသစ်စုဆောင်းခြင်းကိုလည်း ခံရနိုင်ချေရှိနေကြောင်း၊ ယင်းအပေါ် လူငယ် အမျိုးသမီး၊ အမျိုးသားများနှင့် ၎င်းတို့၏ မိဘများအနေဖြင့် အထူးစိုးရိမ်ကြောက်ရွံ့လျက် ရှိကြောင်း ဦးကျော်မိုးထွန်းက ရှင်းလင်းပြောဆိုသည်။
ထို့နည်းတူ အကြမ်းဖက်စစ်တပ်သည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ခုခံတွန်းလှန်မှုများအား အင်အားချိနဲ့စေရန် ရည်ရွယ်၍ နိုင်ငံတဝှမ်းရှိ အရပ်သားနေအိမ်ပေါင်းများစွာကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် မီးရှို့ဖျက်ဆီးခြင်းဖြင့် ရပ်ရွာများနှင့် အများပြည်သူတို့ ၏ အသက်မွေးဝမ်းကြောင်းမှုများကို ဖျက်ဆီးလျက်ရှိကြောင်း၊ ၎င်းတို့၏ ရက်စက် ကြမ်းကြုတ်သော လုပ်ရပ်များကြောင့် ပြည်သူ ၂ ဒသမ ၆ သန်းခန့်သည် အိုးအိမ်၊ လယ်မြေများ စွန့်ခွာ၍ ထွက်ပြေးနေရကြောင်း၊ ယင်းသို့သော အကြမ်းဖက်စစ်တပ်၏ ပစ်မှတ်ထား ဖျက်ဆီးမှုများကြောင့် နိုင်ငံအနှံ့အပြားရှိ စားနပ်ရိက္ခာထုတ်လုပ်မှုကို သိသိသာသာ ထိခိုက်စေကြောင်း သိရှိရသည်။
ထို့ပြင် လုံခြုံရေးကောင်စီအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အဟန့်အတားမရှိစေရန် တောင်းဆိုထားပြီးဖြစ်သော်လည်း အကြမ်းဖက်စစ်တပ်အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် ဆက်လက်ပိတ်ဆို့တားမြစ်လျက် ရှိကြောင်း၊ ထိုကဲ့သို့သော တားဆီးပိတ်ပင်မှုများကြောင့် နေရပ်စွန့်ခွာသူများ၊ အထူးသဖြင့် ကလေးငယ်များအပါအဝင် ထိရှလွယ်သောအုပ်စုများသည် စားနပ်ရိက္ခာရှားပါးမှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် ဆိုးရွားသော ကျန်းမာရေးအန္တရာယ်များကို ရင်ဆိုင်ရလျက်ရှိ ပါကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
ထို့ကြောင့် လူသားချင်းစာနာမှု၊ ဘက်မလိုက်မှု၊ ခွဲခြားဆက်ဆံမှုမရှိခြင်းနှင့် လွတ်လပ် သော လူသားချင်းစာနာမှု အခြေခံမူများအပေါ် အခြေခံလျက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ အထူးလိုအပ်နေသူများထံသို့ ရောက်ရှိရန် အရေးကြီး ကြောင်း၊ အထူးသဖြင့် စေတနာ့ဝန်ထမ်းများမှ အသက်ကယ်လူသားချင်းစာနာ ထောက် ထားမှု အကူအညီများ အတားအဆီးမရှိ ပို့ဆောင်နိုင်ရေးက အလွန်အရေးကြီး ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။
သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသူများအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ များ အမှန်တကယ်လိုအပ်နေသည့် ပဋိပက္ခဒဏ်သင့်ဒေသများမှ ပြည်သူများ၏ လက်ဝယ်သို့ အကူအညီများ ရေရှည်တည်တံ့စွာနှင့် ကြိုတင်ခန့်မှန်းနိုင်သောပုံစံဖြင့် ရောက်ရှိစေရန် လုပ်ဆောင်ပေးသင့်ကြောင်း၊ ထို့ကြောင့် ဤနေရာတွင် နိုင်ငံတကာ အသိုက်အဝန်း၏ စည်းလုံးညီညွတ်မှု၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ကြိုးပမ်းအားထုတ်မှုများ လိုအပ်ကြောင်း တိုက်တွန်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအားလုံး ချုပ်ငြိမ်းစေရန်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အပြည့်အဝ၊ ဘေးကင်းလုံခြုံစွာ၊ အဟန့်အတားမရှိ ရရှိစေရန် လုံခြုံရေးကောင်စီအနေဖြင့် ဆုံးဖြတ်ချက်အဆို (၂၆၆၉) အပါအဝင် အခြားသော ထုတ်ပြန်ချက်များတွင် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ကြောင်း၊ သို့ရာတွင် အကြမ်း ဖက်စစ်တပ်မှ အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများ ကျူးလွန်နေခြင်းမှ အပြီးတိုင်ရပ်တန့်စေရန် ထိရောက်၍ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊ ထို့ပြင် စစ်တပ်မှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်သည့်အစီအစဉ်များကို ငြင်းဆန်နေခြင်းနှင့် ဤငြင်းဆန်နေခြင်းသည် ကုလသမဂ္ဂ အေဂျင်စီများအပါအဝင် အကူအညီပေးရေး အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများအတွက် အဓိကအဟန့်အတားဖြစ်သည်ဟု ၎င်းတို့မှ ထပ်ခါတလဲလဲ ရည်ညွှန်းပြောဆိုသည့်တိုင် လုံခြုံရေးကောင်စီအနေဖြင့် ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သံအမတ်ကြီးက ဆိုသည်။
သို့ဖြစ်ရာ လုံခြုံရေးကောင်စီအနေဖြင့် ကောင်စီ၏ တောင်းဆိုချက်များအတွက် လိုက်နာမှု မရှိပါက အရေးယူဆောင် ရွက်နိုင်သည့် ဆုံးဖြတ်ချက်မျိုးကို ချမှတ်ရန် တိုက်တွန်း လိုကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါ အဝင် နိုင်ငံတကာအသိုက်အဝန်းမှ ဆောင်ရွက်မည့် မည်သည့် ဆောင်ရွက်ချက်မဆို စစ်အာဏာရှင် သက်ဆိုးရှည်စေရေး အတွက် မဟုတ်ဘဲ မြန်မာပြည်သူများ ကာလရှည်ကြာ လိုလားတောင့်တခဲ့သည့် လွတ်လပ်၍ ငြိမ်းချမ်းသော၊ အားလုံးပါဝင်သည့် တရားမျှတသော ဒီမိုကရေစီလူ့အဖွဲ့အစည်း တည်ထောင်ရေး ပြည်သူများ၏ ရည်မှန်းချက် အကောင်အထည်ဖော်ရေးအတွက်သာ ဖြစ်သင့်ကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောဆိုသည်။


