မြင်းခြံမြို့နယ်၊ ရွာသာယာရွာမှ ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့သော စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာသာယာရွာမှ ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့သော စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့တပ်ဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် မွန်းလွဲ ၂ နာရီခန့်က မြင်းခြံမြို့နယ်၊ ရွာသာယာကျေးရွာကို အကြမ်း ဖက်စစ်တပ်က ဖိုးဝှီးကား ၃ စီး၊ ဖောကား ၁ စီးဖြင့် ဝင်ရောက်စီးနင်းပြီး ကျေးရွာနေ ပြည်သူများကို လိုက်လံပစ်ခတ်သတ်ဖြတ်ရာ အသက် ၃၀ ဝန်းကျင်နှစ်အရွယ်ကိုအောင်ဝင်းမှာ ရင်ဝ၌ သေနတ်ဖြင့် ၂ ချက် ထိမှန်ကာ သေဆုံးပြီး ၎င်း၏ ယောက္ခထီး ဖြစ်သူမှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။
“အမှန်ကတော့ ပေါ်တာဆွဲမယ့်အနေအထားပဲ၊ ပြည်သူတွေက ဝရုန်းသုန်းကားဖြစ်ပြီးတော့ ပြေးတဲ့ သူတွေက ပြေးဖြစ်သွားတာပေါ့၊ အဲဒီအချိန်မှာ ရွာသား ကိုအောင်ဝင်းကို ပစ်သတ်သွားတယ်၊ သူရဲ့ ယောက္ခထီးပေါ့၊ အဲဒီလူကတော့ အခုချိန်အထိမတွေ့သေးဘူး၊ သူ့ကိုလည်း လိုက်ပစ်တာ၊ သေလား ရှင်းလားတော့ အတည်ပြုလို့မရသေးဘူး၊ အခု အဲဒီနယ်မှာရှိသမျှပြည်သူတွေကတော့ ကြောက်လန့် ပြီး လက်ရှိအနေအထားကတော့ အထုပ် အပိုးတွေနဲ့ နီးစပ်ရာ လွတ်ကင်းရာတွေတော့ ရှောင်ကုန်ကြ ပြီ” ဟု ဒေါင်းမင်းတမန်အထူးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ပြောကြားသည်။
ထို့သို့ ဝင်ရောက်စီးနင်းပြီး ပြန်ထွက်လာစဉ် ရွှေခြံသားပြောက်ကျားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက် မသိရှိရသေးကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖိုးဝှီး ကား ၂ စီးမှာ ကုက္ကဲရဲစခန်းအတွင်း ပြန်လည် ဝင်ရောက်သွားကာ ကျန်ဖောကား ၁ စီးမှာ မြင်းခြံမြို့ပေါ်သို့ ပြန်ထွက်သွားကြောင်း သိရသည်။