35 C
Yangon

တိုက်ပွဲများ ကျယ်ပြန့်လာ၍ ဟိုပုံးမြို့မှ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် အရာရှိများ၏ မိသားစုများ စတင်တိမ်းရှောင်၊ ဟိုပုံးမြို့နယ်အတွင်းရှိ စစ်တပ်စခန်းတစ်ခုကို သိမ်းပိုက်မှု လက်နက်ခဲယမ်းတချို့ရရှိ

Must read

တိုက်ပွဲများ ကျယ်ပြန့်လာ၍ ဟိုပုံးမြို့မှ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် အရာရှိများ၏ မိသားစုများ စတင်တိမ်းရှောင်၊ ဟိုပုံးမြို့နယ်အတွင်းရှိ စစ်တပ်စခန်းတစ်ခုကို သိမ်းပိုက်မှု လက်နက်ခဲယမ်းတချို့ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းမြို့နယ်တွင် တိုက်ပွဲများ တဖြည်းဖြည်း ကျယ် ပြန့် လာ၍ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် အရာရှိများ၏ မိသားစုများ စတင် တိမ်းရှောင်လာကြောင်း ဟိုပုံးမြို့ခံ သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင် အကြမ်းဖက် စစ်တပ်၊ လက်အောက်ခံ PNO ပူးပေါင်း အဖွဲ့နှင့် PNLA/ PNLO တို့အကြား စတင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှ ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်မီး စတင်ခဲ့ကြောင်း၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲများ အပြင်းအထန်စတင်ဖြစ်ပွားခဲ့ရာ ယခုအခါ တိုက်ပွဲများသည် ဟိုပုံးမြို့နယ် ၊ မိုင်းပွန်မြို့များအထိပါ ကူးစက်လာကြောင်း၊ လက်ရှိတွင် ဟိုပုံးမြို့နှင့်အနီးဆုံးနေရာအထိ တိုက်ပွဲများ နီးကပ်လာသည့် အတွက် စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် မိသားစုများ မြို့ပေါ်မှ စတင် တိမ်းရှောင်လာကြကြောင်း သိရှိရသည်။

“ဆီဆိုင်မြို့နယ်ဘက်ကနေ တိုက်ပွဲတွေက ၁ လပြည့်ပြီးချိန်မှာ ကျယ်ပြန့်လာတယ်။ အခု ဟိုပုံးမြို့ပေါ်မှာလည်း PNO က စစ်သင်တန်းတွေပေး၊ လက်နက်တွေ တပ်ဆင်နေတယ်။ စစ်ပြင်နေတာမှာ PNO အရာရှိ မိသားစုတွေ စပြီး တိမ်းရှောင်ကြပြီ။ အချိန်မရွေး ဟိုပုံးမြို့ပေါ် တိုက်ပွဲတွေ ရောက်လာနိုင်တဲ့သဘောပဲ။ PNO ဘက်က စံလွင်၊ တဖြူ၊ နော်အေး၊ ရာရာ၊ ရာဇာ မိသားစုတွေ၊ ဒေသဦးစီး ဥက္ကဌ ခွန်ရဲထွေး၊ ကောင်းချစ်ထွန်း စတဲ့ PNO နှင့် စကစ ဒေါက်တိုင်တွေရဲ့ မိသားစုတွေ အကုန်စပြေးနေကြပြီ” ဟု ဟိုပုံးမြို့ရှိ PNO နှင့် နီးပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ဟိုပုံးမြို့နယ် အရှေ့ဘက်ခြမ်းတနေရာ၌ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် ပူးတွဲအဖွဲ့မှ ပအိုဝ်းဒေသလုံခြုံရေးဆိုင်ရာလှုပ်ရှားနေသည့် ပအိုဝ်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ကြောင်းကို လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ် ပွားခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ စစ်ကောင်စီနှင့်ပြည်သူ့စစ်များ ပူးတွဲတပ်စွဲထားသည့် လွယ်ဝိုးတုတ်ကျေးရွာအနီးရှိ စခန်း ၁ ခု ကို သိမ်းပိုက်ရရှိခဲ့ကြေင်း သိရသည်။

ယင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း စစ်ကောင်စီနှင့်ပြည်သူ့စစ်များထံမှ RPG ၁ လက်၊ ပစ္စတို ၁ လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဆီဆိုင်မြို့ကို အကြမ်း ဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ၃ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် အပြင် ဟိုပုံးမြို့နယ်၊ ထမ်း ဆန်းဂူဒေသနှင့် ထမ်းဆန်း ရွှေတိဂုံစေတီတော်တွင် လက်နက်ကြီးများအထိုင်ချကာ မဲနယ်တောင် ဒေသကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အကြိမ် ၁၀၀ နီးပါး ပစ်ခတ်တိုက် ခိုက်ခဲ့ ကြောင်း သိရသည်။

ပအိုဝ်းလူမျိုးများ အထွဋ်အမြတ်ထားသည့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာများကို စစ် ကောင်စီနှင့်ပြည်သူ့စစ်များက ၎င်းတို့၏ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် အကာအကွယ် ယူခြင်း၊ တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်နေလျက်ရှိကြောင်း၊ ထိုလုပ်ရပ်များသည် ပအိုဝ်းလူမျိုး များ၏ နှလုံးသည်းအူကို မီးရှို့နေသည့် လုပ်ရပ်ပင်မက ဘာသာရေးလွတ်လပ်ခွင့်ကိုပါ ထိပါး ဖျက်ဆီး နေခြင်းဖြစ်ကြောင်း PNLA က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်သည် စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်း တိုက်ဖျက်နေသည့် အချိန်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာရှင်စနစ်လက်အောက် မှ ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ အမြန်ဆုံးကူးပြောင်းကြရန် PNLA တပ်ဖွဲ့က ထပ်မံတိုက်တွန်းထားသည်။

ဓာတ်ပုံ- ယမန်နေ့ ဟိုပုံးမြို့နယ်၊ လွယ်ဝိုးတုတ်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article