ပုလောမြို့နယ်၊ နန်းတောင် စစ်ဆေးရေးဂိတ်၊ ပုလောကုန်းနှင့် ခလရ ၂၈၅ တပ်ရင်းတို့ကို ၆ ရက် ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ
ရန်ကုန်၊ မတ် ၆
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ နန်းတောင်စစ်ဆေးရေးဂိတ်၊ ပုလောကုန်းနှင့် ခလရ ၂၈၅ တပ်ရင်း တို့ကို ၆ ရက်ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ – PRDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၈ ၊ ၂၉ ရက် နှင့် မတ်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ၆ ရက်အတွင်း အကြမ်းဖက် စစ်ကောင်စီ၏ နန်းတောင် စစ်ဆေးရေးဂိတ်၊ ပုလောကုန်းနှင့် ပုလောအခြေစိုက် ခလရ ၂၈၅ တပ် ရင်းကို ဒရုန်းဖြင့် စုစုပေါင်း ဗုံးသီး ၁၇ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရာရှိပြီး သေဆုံးမှု အရေအတွက် အတိအကျကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ဒရုန်း ဗုံးကျဲတာ ၂၈၅ တပ်ရင်းက ၁ ဦး သေဆုံးတယ်ဆိုတာကိုတော့ သိရပါတယ်။ ကျန်တာတွေကတော့ စုံစမ်းဆဲ ဖြစ်ပါတယ်” ဟု ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ – PRDF မှ တာဝန်ရှိသူ တစ်ဦးက ပြေဆိုသည်။
ထိုသို့ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုအတွင်း နန်းတောင်စစ်ဆေးရေးဂိတ်နှင့် ပုလောကုန်းစခန်းတိုက် ခိုက်မှုတို့တွင် စမ်းသပ်ဗုံးသီးများဖြင့် ကျဲချတိုက်ခိုက်ခဲ့ရမှုတို့ကြောင့် အချို့ဗုံးသီးများမှာ ပေါက်ကွဲ အားပြင်းခဲ့သော်လည်း အချို့ဗုံးသီးများမှာ အားနည်းချက်များရှိခဲ့ကြောင်း သိရသည်။
ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းနိုင်သည်အထိ ဆက်လိုက်တိုက်ပွဲဝင်နေမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်နှင့် စခန်းများကို ထိရောက်သည့် ဗုံးသီးများ ထုတ်လုပ် တိုက်ခိုက်နိုင်ရန် အတွက် မိဘပြည်သူများက ဝိုင်းဝန်း အား ဖြည့် ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။
ပုလောမြို့နယ်အတွင်း၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပြီး ပြည်သူများအနေဖြင့် စစ်ရေးသတိရှိရန်၊ အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်တန်းများနောက်၌ ကပ်မလိုက်ခြင်း မပြုရန်၊ ဗုံးခိုကျင်းများ တူး ထားကြရန်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များကို လိုက်နာပေးကြ ရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။