မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တွင် အထက်အရာရှိက အောက်ခြေအဆင့်ကို ကြီးနိုင်ငယ်ညှဉ်း ထိုးကြိတ်မှု အရေးယူမရှိဘဲ အရာရှိအချင်းချင်း အကာ အကွယ်ပေး
ရန်ကုန်၊ မတ် ၁၀
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တွင် အထက်အရာရှိက အောက်ခြေအဆင့်ကို ကြီးနိုင်ငယ်ညှဉ်း ထိုးကြိတ်မှု ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်ကို စစ်ကောင်စီက အရေးယူမရှိဘဲ အရာရှိအချင်းချင်း အကာအကွယ်ပေးနေကြောင်း လေတပ်သတင်းရင်းမြစ် Operation Spitfire က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်၊ စက်မှုလက်မှုတပ်တွင် အရာခံဗိုလ်တစ်ဦး အလုပ်လုပ်နေစဉ် ဗိုလ်ကြီး ပိုင်စိုးသူ က ရောက်ရှိလာပြီး အလုပ်များ ပြီးမြောက်ခြင်းရှိ၊ မရှိ မေးမြန်းရာမှ စကားများကြပြီး ဗိုလ်ကြီး ပိုင်စိုးသူက အရာခံဗိုလ်ကို ကိုယ်ထိလက်ရောက်စတင်ထိုးကြိတ်ခဲ့ကြောင်း၊ ဗိုလ်ကြီး ပိုင်စိုးသူက အရာခံဗိုလ်ကို ထိုးကြိတ်စဉ် ဘေးပတ်ဝန်းကျင်မှ စစ်သည်၊ရဲဘော်များက ဝိုင်းဝန်းပြန်ဖြေသော်လည်း ဗိုလ်ကြီး ပိုင်စိုးသူက အခြားအဆင့်စစ်သည်များအားလုံးကို မိုက်မိုက်ရိုင်းရိုင်းဆဲဆိုခဲ့ကြောင်း သိရှိရသည်။
အရာခံဗိုလ်ကိုထိုးကြိတ်ဆဲဆို ခဲ့သော ဗိုလ်ကြီးပိုင်စိုးသူသည် ယခင် စစ်ထောက်လှမ်းရေး(စရဖ) တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး CDM ဝန်ထမ်းများ၊ စစ်သည်များကို ပြန်လည်ဖမ်းဆီးရေး တွင် ဦးဆောင်သူဖြစ်ကြောင်း၊ CDM ဝန်ထမ်းများထံမှ ငွေညှစ်ခြင်းများ ဆောင်ရွက်ခဲ့သည့်အပြင် လူငယ်များကို တပ်သားသစ်များအဖြစ် စုဆောင်းခဲ့သူလည်းဖြစ်ကြောင်း၊ ငွေကြေး အလွဲသုံးစား ပြုလုပ်သူအဖြစ်လည်း နာမည်ဆိုးရှိသူဖြစ်ကြောင်း သိရှိရသည်။
ဗိုလ်ကြီးပိုင်စိုးသူက အရာခံဗိုလ်ကို ထိုးကြိတ်သည့်ကိစ္စအတွက် အထိုးခံရသောအရာခံဗိုလ်က အထက်အရာရှိ ဒုတိယဗိုလ်မှုးကြီးထံသို့ တင်ပြ တိုင်ကြားသော်လည်း မည်သို့မှအရေးယူဆောင်ရွက်ခြင်းမလုပ်ကြောင်း သိရှိရသည်။
” ဒုဗိုလ်မှူးကြီးက သူ့ ရာထူးထိခိုက်မှာစိုးရိမ် သလို အရာရှိအချင်းချင် ကာကွယ်ပေးချင်တာကြောင့် ၎င်းထက်ကြီးသောအရာရှိကြီးများထံသို့ ဆက်လက်မတင်ပြဘဲ သူ့အဆင့်မှာသာ ထိန်ချန်ထားခဲ့တယ်” ဟု လေတပ်သတင်းရင်းမြစ် Operation Spitfire က ဆိုသည်။
ထို့ပြင် မင်္ဂလာလေတပ်အတွင်းတွင် အရာရှိများက အောက်ခြေအဆင့်ကို အနိုင်ကျင့် ဗိုလ်ကျ ကြီးနိုင်ငယ်ညှဉ်းလုပ်ဆောင်မှုများ အကြိမ်ကြိမ်ဖြစ်ပွားလာကြောင်း၊ စစ်အရာရှိများက အောက်ခြေ လက်အောက်ငယ်သားများကို ကျွန်သဖွယ်လုပ်ဆောင်လာကြောင်း၊ ယခင်လပိုင်းကလည်း မင်္ဂလာဒုံလေတစခန်းဌာနချုပ်တွင် အလားတူ အရာရှိက အောက်ခြေအဆင့် စစ်သည်ကို ထိုးကြိတ်သည့် ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ဖူးကြောင်း၊ ကိုယ်ထိလက်ရောက်ပြုမူခံရသော စစ်သည်က အထက်အဆင့်ဆင့်ကို အရေးယူရန်တင်ပြ သော်လည်း မည်သူကမှအရေးယူဆောင်ရွက်ပေးခြင်းမရှိသဖြင့် အရာခံဗိုလ်မှာ လေတပ်မှ ထွက်ပြေးသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်လေယာဉ်တပ်တော်ဝင်ခြင်း အခမ်းအနားတက်နေသည့် အကြမ်းဖက်မင်းအောင်လှိုင်။