25 C
Yangon

မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများနှင့် စစ်ကိုင်းမြို့နယ်ရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများနှင့် စစ်ကိုင်းမြို့နယ်ရှိ ပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၁၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်းအမှတ် ၁ (27 Revolution Forces) တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၂ ရက်‌နေ့တွင် မြင်းခြံမြို့နယ်၊ ဆိတ်ကုန်းကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ဗိုလ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၁၃ ရက်နေ့တွင် မြင်းခြံမြို့နယ်၊ မီးပေါက်ကျေးရွာကို ထပ်မံ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၈ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှု အများအပြားရှိနိုင်ပြီး သေဆုံးမှု အရေအတွက်ကို စုံစမ်းဆဲ ဖြစ်ကြောင်း သိရှိရသည်။

ယင်းနေ့တွင် မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာကို မီးရှို့နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက ဗုံးသီး ၄ လုံး ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် တပ်ရင်းအမှတ် ၁ (27 Revolution Forces) ၊ မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ ဗိုလ်စားပျောက်ကျားတပ်ဖွဲ့၊ ဒေါင်းမင်းပျောက်ကျားတပ်ဖွဲ့၊ MG 6 ပျောက်ကျားတပ်ဖွဲ့၊ မြင်းခြံ ပကဖ၊ မန္တလေး MDY တပ်ရင်း ၃၊ နဂါးနီပျောက်ကျားတပ်ဖွဲ့၊ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့ MDDS အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Farmers Revolution Force မုံရွာခရိုင်တပ်ရင်း ၈ ထံမှ သိရသည်။

မတ်လ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ ပျူစောထီးစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပျူစောထီးများက ၆၀ မမ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း ၈ နှင့်၊ ရွှေဘိုဇေယျာသွေး ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဗိုလ်မိချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ WTO PDF တပ်ရင်း ၄ ၊ DMKP တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article