26 C
Yangon

ရေစကြိုမြို့ပေါ်ရှိ ထွေအုပ်ရုံး အပါအဝင် စစ်တပ်က တပ်စွဲထားသော နေရာများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

Must read

ရေစကြိုမြို့ပေါ်ရှိ ထွေအုပ်ရုံး အပါအဝင် စစ်တပ်က တပ်စွဲထားသော နေရာများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး

ရန်ကုန်၊ မတ် ၂၄

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်ရှိ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အပါအဝင် အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာများကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၃ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၅၀ ခန့်တွင် ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံ (အထွေထွေ အုပ်ချုပ်ရေးမှူးရုံး) ၊ ကပ်ကျော် (ဘုန်းကြီးကျောင်း) ၊ ငြိမ်းဇာနည် တပ်စခန်း (စစ်မှုထမ်း ဟောင်းရုံး)၊ စစ်သားများ တပ်စွဲထားသော ဆေးရုံ တို့ကို တော်လှန်ရေး တပ်ဖွဲ့များက တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများအတွင်း ကပ်ကျော် ဘုန်းကြီးကျောင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ကပ်ကျော် ဘုန်းကြီးကျောင်းဝင်း အတွင်းရှိနေရာ ၂ ခုကို အပြီးသတ် ဖြိုချ သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦး မျက်မြင် သေဆုံးကာ ၈ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ လက်နက်ကောက်ယူရန် ကြိုးစားခဲ့သော်လည်း ဘုန်းကြီးကျောင်းအတွင်း သင်္ကန်းများခြုံပြီး ဘုန်းကြီးအသွင်ယူထားသော စစ်သား ၃ ဦးခန့်က ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ဆုတ်ခွာ ခဲ့ရကြောင်း သိရသည်။

“ကပ်ကျော်ကျောင်းထဲမှာက ဘုန်းကြီးတွေရှိတယ်၊ Location အရ စကစ တပ်သားတွေနေတာက ၂ ဆောင်ပေါ့၊ ဓမ္မရုံဆောင်ကြီးရယ်၊ ဓမ္မာရုံအရှေ့ဘက်က ဘုရား ၂ ဆူရှိတဲ့နေရာက ဘုန်းကြီးကျောင်း ရတယ်နေတာ၊အဲဒီနေရာမှာကတော့ စက်ကလေးအဓိကထိုင်တာပေါ့၊ ကျနော်တို့က ဒရုန်းတွေနဲ့ လည်းတိုက်တယ်၊ မြေပြင်က အာပီဂျီတွေနဲ့လည်း ပစ်တဲ့အချိန်မှာ စခန်း ၂ ခုလုံးက ပြိုသွားပြီပေါ့၊ လက်နက်တက်ကောက်တဲ့အချိန်မှာ ဒီကောင်တွေက ကျောင်းထဲနေပြီးတော့ သင်္ကန်းဝတ်တွေနဲ့ ၃ ယောက်ထွက်လာတာပေါ့၊ ထွက်လာပြီး သင်္ကန်းတွေချွတ်ချပြီး စက်လက်နဲ့ တရစပ်ပစ်တာပေါ့၊ အဲဒီချိန်မှာ ရဲဘော်တွေ ဒဏ်ရာရသွားတယ်၊ ဒဏ်ရာရတဲ့ ရဲဘော်တွေကို ဆွဲထုတ်ရတာပေါ့၊ နောက် ပြီးတော့ ခဲယမ်းမလုံလောက်တာက တစ်ကြောင်း၊ သူတို့ရဲ့မြို့ထဲမှာရှိတဲ့ အင်အားကို ရေရှည်မထိန်း နိုင်တာလည်းပါတာပေါ့” ဟု Myingyan Black Tiger -MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger – MBT တပ်ဖွဲ့၊ Popa Guerilla Force – PPGF ၊ ညောင်ဦးခရိုင် တပ်ရင်း ၁ ၊ တပ်ခွဲ ၁ ၊ အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကျောက်ပန်းတောင်း)၊ ညောင်ဦးခရိုင် တပ်ရင်း ၁ ဒရုန်းတပ်ဖွဲ့၊ AMA People Defense Force ၊ ဒေါင်းစစ်သည် မြောင် ပြောက် ကျားတပ်ဖွဲ့၊ YSO TPG ပြောက်ကျားတပ်ဖွဲ့၊ Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ – Team -2 နှင့် သွေးသောက် တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article