ချောင်းဦး၊ အရာတော်နှင့် မုံရွာ ရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး
ရန်ကုန်၊ ဧပြီ ၄
စစ်ကိုင်းတိုင်း၊ ချောင်းဦး-မြင်းမူ လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင်အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦး-မြင်းမူ လမ်းပိုင်းရှိ ဟန်သစ် စက်သုံးဆီဆိုင်တွင် တပ်စွဲထားပြီး ခရီးသွားပြည်သူများထံမှ အတင်းအဓမ္မ ငွေညှစ် တောင်းခံနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ပူပေါင်းတပ်ဖွဲ့များက ဒရုန်း ၄ စီးဖြင့် ဗုံးသီး ၁၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးဘဲ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပြီး တော်လှန်ရေးရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပြီး ဗုံးသီး မတော်တဆ ပေါက်ကွဲမှုကြောင့် ဒရုန် ၁ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင်အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃) ၊ မီးတောက်တပ်ခွဲ(၄) မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း တပ်ခွဲ(၄) ၊ ရန်ရှင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင် အမှတ် (၈) တပ်ရင်း၊ Chaung U Local Defense Force – CLDF တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့ စခတ ၁၀ တပ်အတွင်းရှိ ဟောင်ဝှစ်ဇာ လက်နက်ကြီးများ ထားရှိသော နေရာနှင့် မြို့နယ်ရဲမှူး နေအိမ်တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force အဖွဲ့ထံမှ သိရသည်။
ဧပြီလ ၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် အရာတော်မြို့ အမှတ် ၁၀ စစ်ရေးအခြေခံလေ့ကျင့်ရေးတပ် အတွင်းမှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများဖြင့် အရာတော်မြို့နယ် ပြည်သူများ နေထိုင်ရာ နေရာများကို ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် KIA ထုတ် ၆၀ မမ ဗုံးသီး ၂ လုံးဖြင့် ဟောင်ဝှစ်ဇာ လက်နက်ကြီးများ တည်ရှိရာ နေရာကို ကျဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက် ပျက်စီးမှုကို အခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
ယင်းနေ့ မွန်းလွဲ ၁ နာရီ ၂၀ ခန့်တွင် အရာတော်မြို့မ ရဲစခန်းအတွင်းရှိ မြို့နယ်မှူး နေအိမ်ကို လက်လုပ် ၁၂၀ မမ ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ်ဘေးရှိ ရပ်ထားသော ကားတစ်စီးအပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာရမှု အခြေအနေကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force နှင့် Ayadaw Rocket တို့က ဦးဆောင်၍ မုံရွာခရိုင် ကွပ်ကဲရေး ၊မြို့နယ် ပကဖ၊ တိုက်နယ် ၄ ၊ ၁၁ ၊ မိုင်းမင်းသား ပြောက်ကျားအဖွဲ့တို့၏ ပံ့ပိုးကူညီမှုများဖြင့် ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ စောထီး ၄ ဦးသေဆုံးခဲ့ပြီး ပျူစောထီးနေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း မြောင်မြို့နယ် ပြည် သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဧပြီလ ၂ ရက် ညနေ ၄ နာရီခန့်မှ ၆ နာရီ မိနစ် ၃၀ ခန့်အထိ မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာ ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို “Shar Htoo WAW”နည်းပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် AIR BOMB ၁၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး ၄ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ပျူစောထီးနေအိမ်တစ်လုံးလည်း မီး လောင်ပျက်စီးခဲ့ကြောင်း သိရသည်။
“ဒဏ်ရာရတဲ့သူတွေကို မန္တလေးဘက်ကနေ လာတဲ့ အန်စာတုံးကားတစ်စီးကို ချောဆွဲပြီး မုံရွာကို ဆေးရုံကို ပို့လိုက်ရပါတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေရှိတယ်၊ ညီမတို့တပ်ဖွဲ့က ဒရုန်းစစ်ဆင်ရေးတွေကို အမြဲတမ်းလုပ်ဆောင်နေတာမို့ ဒရုန်းဗုံးသီး လိုအပ်ချက် ရှိနေပါတယ်၊ ပြီးတော့ စစ်ဆင်ရေးတွေအတွက်လည်း လက်နက်ခဲယမ်းတွေလိုအပ်ချက်ဖြစ်နေပါ တယ်။ အဲဒါကြောင့် မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့ – MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့-MSPDF ၊ စစ်ကိုင်းခရိုင် Drone တပ်ဖွဲ့၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ URBAN HUNTER FORCE-UHF ၊ SHINING STARS နှင့် Meikhtila Special Force တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။