25 C
Yangon

သံတွဲမြို့နယ်တွင် AA နှင့် စစ်တပ် တိုက်ပွဲများကြောင့် သူဌေးရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းပြီး အလုပ်သမား ရာနှင့်ချီ ပိတ်မိနေ

Must read

သံတွဲမြို့နယ်တွင် AA နှင့် စစ်တပ် တိုက်ပွဲများကြောင့် သူဌေးရေအားလျှပ်စစ်စီမံကိန်း ရပ်ဆိုင်းပြီး အလုပ်သမား ရာနှင့်ချီ ပိတ်မိနေ

ရန်ကုန်| မေ ၁၁

ရခိုင်ပြည် သံတွဲမြို့နယ် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီး တိုက်ပွဲများကြောင့် စီမံကိန်းမှာ ရပ်တန့်လိုက်ရပြီး အလုပ်သမား ၂၀၀ ထက်မနည်း ပိတ်မိနေကြောင်း လုပ်ငန်းခွင်မှ ထွက်ပြေးလာသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးက လင်းသီ၊ ရွှေလှေ၊ ကွေ့ချောင်း၊ ဒေါ်မြ၊ ဆူးပုတ်ကုန်း၊ ချင်းကွေ့ စသည့်ကျေးရွာ ပတ်ဝန်းကျင် တောင်ကြောတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ ရက် ၂၀ ကျော် ကြာမြင့်နေပြီဖြစ်သည်။

သူဌေးရေအားလျှပ်စစ်စီမံကိန်းဧရိယာအတွင်း တပ်စွဲထားသော စစ်ကောင်စီ မြောက်တပ်ရင်းကို AA က ထိုးစစ်ဆင်

တိုက်ခိုက်နေခြင်းဖြစ်သည်။

စီမံကိန်းလုပ်ငန်းများကို စစ်ကောင်စီက ရပ်ခိုင်းထားပြီး အလုပ်သမားများကိုလည်း ပိတ်လှောင်ထားကြောင်း ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံ အလုပ်သမားတစ်ဦးက ပြောသည်။

” တိုက်ပွဲ စဖြစ်တဲ့ နေ့ကတည်းက လုပ်ငန်းခွင်က ရပ်ထားတာ။ အလုပ်သမားတွေကိုတော့ ပေးမထွက်ခိုင်းဘူး။ လုပ်ငန်းဆိုဒ်က စစ်ကောင်စီက ကိုယ်တိုင်ဦးစီးတဲ့ လုပ်ငန်းခွင်ရယ်၊ ကုမ္ပဏီက ဦးစီးတဲ့ လုပ်ငန်းခွင်ရယ် နှစ်ခုရှိတယ်။ အလုပ်သမားတွေနဲ့ ပေါင်းရင် ၂၀၀ ကျော်တယ်။ အလုပ်သမားတွေထဲမှာ သံတွဲဒေသခံတွေလည်း ပါတယ်။ အခု ပိတ်မိနေတာပေါ့။ ပြန်မယ်ဆိုတာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မပြန်ရဘူး။ ပိတ်လှောင်ထားတယ်။ ကျနော်ကတော့ အသက်စွန့်ပြီး ထွက်ပြေးလာတာပါ။ အခု လုံခြုံတဲ့ နေရာကို ရောက်ပါပြီ။ ” ဟု ၎င်းက ပြောသည်။

ပိတ်မိနေသည့် လူ ၂၀၀ ကျော်ထဲတွင် စစ်ကောင်စီဖက်က နည်းပညာအဖွဲ့၊ အင်ဂျင်နီယာများ၊ ကုမ္ပဏီဖက်က အင်ဂျင်နီယာများ၊ အလုပ်ကြမ်းလုပ်ရသည့် ဝန်ထမ်းများနှင့် နေ့စားဝန်ထမ်း သံတွဲဒေသခံအများအပြား ပိတ်မိနေကြခြင်းဖြစ်သည်။

စီမံကိန်းက ထွက်မည့် ကွေ့ချောင်းလမ်းနှင့် ရွှေလှေဘက်က လမ်းကို စစ်ကောင်စီက ပိတ်ပင်ထား၍ လုပ်ငန်းခွင်ထဲက အလုပ်သားမား ၂၀၀ ကျော်မှာ ပိတ်မိနေခြင်းဖြစ်သည်။

စီမံကိန်းထဲက အလုပ်သမားများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထမင်းချက်ပြုတ်ရန်နှင့် ကျည်ကဒ်များအား ပြောင်းရွှေ့ရန် စစ်ရေးတွင် အသုံးပြုနေကြောင်းလည်း ၎င်းက ပြောသည်။

” နေ့စားဝန်ထမ်းတွေနဲ့ အလုပ်ကြမ်းလုပ်ရတဲ့ ဝန်ထမ်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့အတွက် ထမင်းချက်ခိုင်းတယ်။ ကျည်ကဒ်တွေကို နေရာရွှေ့ခိုင်းတယ်။ တိုက်ပွဲဖြစ်ပြီဆိုရင် သူတို့မှာ ကျည်ကုန်သွားပြီဆိုရင် ကျနော်တို့ အလုပ်သမားတွေကို ကျည်ကဒ်တွေကို သယ်ယူလာခိုင်းတယ်။ ကျနော်တို့ အလုပ်သမားတွေက အရမ်းကြောက်နေတာ။ ကျနော်တို့မှာ ဘာအကာကွယ်မှ ပါတာမဟုတ်ဘူး။ ထိရင် သေမှာ။ သူတို့ခိုင်းတာကို ကျနော်တို့က လုပ်ပေးရတယ်။ ” ဟု ၎င်းက ပြောဆိုသည်။

သံတွဲတိုက်ပွဲမှာ ဧပြီလ ၂၂ ရက်နေ့က စတင်ခဲ့ပြီး နေ့တိုင်းလိုလို တိုက်ပွဲဖြစ်ပွားကြောင်းနှင့် သံတွဲမြို့အဝင် ဘားဒန်းတောင် အမြောက်တပ်၊ မောင်ရွှေလေးရေတပ်နှင့် ငပလီမြို့ချောင်လမ်း အမြောက်တပ်က တိုက်ပွဲဖြစ်ပွားရာ နေရာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲကြောင့် သူဌေးရေအားလျှပ်စစ်စီမံကိန်းအနီးက ကျေးရွာ ၁၅ ရွာထက်မနည်း ဒေသခံပြည်သူ ၁၅၀၀၀ ထက်မနည်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article