ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်တပ်၏ အနန်းကွင်းဗျူဟာကုန်းနှင့် တောင်စွန်း စစ်စခန်းသိမ်း တိုက်ပွဲများတွင် Cloud Wings ဒရုန်းတပ်ဖွဲ့လည်း ပါဝင် တိုက်ခိုက်
ရန်ကုန်၊ မေ ၁၁
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အနန်းကွင်း ဗျူဟာကုန်းနှင့် တောင်စွန်း စစ်စခန်းသိမ်း တိုက်ပွဲများတွင် KNLA ဦးဆောင်မှုဖြင့် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့လည်း ပါဝင် တိုက်ခိုက်ခဲ့ကြောင်း တပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ KNU တပ်မဟာ-၆ နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့၊ အနန်းကွင်း ကျေးရွာအနီးရှိ အနန်းကွင်းဗျူဟာကုန်းနှင့် တောင်စွန်းကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော တောင်စွန်းစခန်းသိမ်း တိုက်ပွဲတို့ကို KNLA ဦးဆောင်မှုဖြင့် Cloud Wings ဒရုန်း တပ်ဖွဲ့က ပါဝင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဗျူဟာကုန်းနှင့် စစ်စခန်းကို Cloud Wings ဒရုန်း တပ်ဖွဲ့က ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ ဗုံးသီးများဖြင့် ဗုံးသီးအလုံးရေများစွာ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်၏ တောင်စွန်း စစ်စခန်းကို မေလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ပူးပေါင်းတပ်ဖွဲ့များနှင့် အတူ ပါဝင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေးများအတွင်း လက်နက်ခဲယမ်းများစွာကို သိမ်းဆည်း ရရှိခဲ့သော်လည်း ဒရုန်းတချို့လည်း ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
“KNLA ဦးဆောင်မှု ပူးပေါင်းတပ်ဖွဲများနဲ့အတူ နောက်ထပ် အကြမ်းဖက် စစ်တပ် စစ်စခန်းများထံကို ဆက်လက် ပျံသန်းတိုက်ပွဲဝင်ရန် အမြဲကြိုးစားနေပါတယ်” ဟု Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက ပြောဆိုသည်။



