26 C
Yangon

မောင်တောမြို့နယ်၊ ကင်းချောင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံးပြီး ၇ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာရ

Must read

မောင်တောမြို့နယ်၊ ကင်းချောင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံးပြီး ၇ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာရ

ရန်ကုန်၊ မေ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကင်းချောင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၇ ဦး ထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ကင်းချောင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးကာ ၇ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း ပြည်သူများ လူစုလူဝေးရှိနေသည်ကို သတင်းရရှိသွား၍ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ ၄ ဦးတွင် ကင်းချောင်း ကျေးရွာမှ အသက် ၃၀ အရွယ် ကိုဗိုလ်ကျော်၊ အသက် ၂၀ အရွယ် မနွယ်နီဝင်း၊ အောင်ဇေယျရွာမှ အမည်မသိ အမျိုးသမီး ၁ ဦး နှင့် ရွှေဘိုကျေးရွာမှ အမည်မသိ အမျိုးသမီး ၁ ဦး တို့ဖြစ်ကြောင်း၊ ရွှေဘိုရွာနှင့် အောင်ဇေယျကျေးရွာမှ သေဆုံးသွားသော အမျိုးသမီး ၂ ဦးသည် ကင်းချောင်းကျေးရွာကို ဈေးလာရောင်းနေချိန် ဗုံးကျဲ တိုက်ခိုက်ခံရပြီး သေဆုံးခြင်းဖြစ်ကာ ထိခိုက် ဒဏ်ရာရရှိသူ ၇ ဦးမှာ ကင်းချောင်းကျေးရွာသားများဖြစ်ကြောင်း ဒေသပြည်သူများက ရှင်းပြသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကင်းချောင်း ဘုန်းကြီးကျောင်းနှင့် အနီးအနားရှိ နေအိမ်များကို ကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းမှာ လုံးဝပျက်စီးသွားကာ နေအိမ်အများအပြားလည်း ပျက်စီးခဲ့ကြောင်း၊ သေဆုံးသူများကို သက်ဆိုင်ရာ ကျေးရွာများတွင် ယနေ့ မီးသင်္ဂြိုလ်ရန် ပြင်ဆင်နေကြကြောင်း သိရှိရသည်။

မောင်တောနှင့် ဘူးသီးတောင် ဒေသတွင် AA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်လျက်ရှိပြီး အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော လူနေကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

(Western News သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article