25 C
Yangon

မင်းတုန်းမြို့နယ်ရှိ စစ်တပ် စွဲထားသော နေရာကို အင်အားဖြည့်ရန် လာသည့် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

Must read

မင်းတုန်းမြို့နယ်ရှိ စစ်တပ် စွဲထားသော နေရာကို အင်အားဖြည့်ရန် လာသည့် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ မေ ၁၉

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စွဲထားသော နေရာကို အင်အားဖြည့်ရန် လာသည့် စစ်ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း အမှတ်-၁ စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ ပြောင်း၊ သဖန်းရောင်၊ ဝက်တော် ကျေးရွာများကို ဖြတ်သန်းလာသော အင်အား ၁၂၀ ဦးပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ငကုန်းရွာကို မြေပြင်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ကျေးရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်း တို့ကို ဝေဟင်မှ ဂျက်ဖိုက်တာဖြင့် ၆ ကြိမ် ပျံဝဲ ပစ်ခတ်ကာ ငကုန်းကျေးရွာ အတွင်း ဝင်ရောက် တပ်စွဲခဲ့ကြောင်း သိရသည်။

မေလ ၁၈ ရက်နေ့တွင် အဆိုပါ စစ်ကြောင်းကို ထပ်မံ အင်အားဖြည့်တင်းရန် မင်းတုန်းမြို့မှ ပြောင်းကျေးရွာကို ထွက်လာသော အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် Faw ကား ၂ စီးဖြင့် ရောက်ရှိလာစဉ် ကျွဲတေကျေးရွာနှင့် ထိန်ကိုင်းကျေးရွာ အကြားတွင် သရက်ခရိုင်အမှတ် ၄ တပ်ရင်း၊ Student Armed Force (SAF)၊ Warriors Of Liberation Force (WOLF) အဖွဲ့တို့က မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ခန့် အပြင်းအထန် ထိခိုက်ဒဏ်ရာရပြီး ကျဆုံးမှုရှိနိုင်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လက်ကျန် စစ်ကောင်စီတပ်သားများသည် တမာကျေးရွာကို ဖြတ်၍ ပြောင်းကျေးရွာဘက်ကို အင်အားဖြည့်တင်းရန် အင်အား ၄၀ ခန့်ပါ ခြေလျင်စစ်ကြောင်းဖြင့် ထွက်ခွာလာစဉ် ကျွဲဒွန်ကျေးရွာနှင့် သီးပင်ကုန်းကျေးရွာ လမ်းဆုံတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က အသင့်စောင့်ဆိုင်း၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးခန့် သေဆုံးပြီး အများအပြား အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

” ပထမ အကြိမ် မိုင်းဆွဲတာက ပြင်းထန် ဒဏ်ရာရ ၂၀ ဦးပါ သေဆုံး မသိရသေးပါဘူး။ တိုက်ခိုက်မှု ၂ ကြိမ် လုံးက ၁၈ ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု အမှတ်-၁ စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်ကူလာသော စစ်ကြောင်းသည် လက်ရှိချိန်ထိ ငကုန်းကျေးရွာ အတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်သားများထံ ရောက်ရှိလာခြင်းမရှိသေးဘဲ တိုက်ပွဲဖြစ်ပွားရွာ အနီးအနားရှိ ကျေးရွာများတွင်သာ ရှိနေပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း အမှတ်-၁ စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article