ဘုတလင်မြို့နယ်၊ ညောင်ကုန်းရွာအနီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦး သေဆုံး
ရန်ကုန်၊ ဇွန် ၁၄
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ညောင်ကုန်းရွာအနီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။
ဇွန်လ ၁၃ ရက်နေ့ ည ၇ နာရီခန့်တွင် ဘုတလင်မြို့နယ် ချင်းတွင်းမြစ်ကမ်းအနီးရှိ ညောင်ကုန်းကျေးရွာနှင့် ညောင်သူမျှားကျေးရွာ အကြားကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ညောင်ကုန်းရွာနှင့် ညောင်သူမျှားရွာ အကြားတွင် ဆိုင်ကယ်စီးပြီး စစ်ဘေးရှောင်နေသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး တို့ ဗုံးစထိမှန် သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဘုတလင်မြို့နယ် ချင်းတွင်းမြစ်ကမ်းအနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အမြဲတမ်း စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူများ အနေနဲ့ နေ့စဉ် စစ်ဘေးရှောင် ထွက်ပြေးနေရကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။
(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)