ရန်ကုန်နှင့်မန္တလေးတို့တွင် ဧည့်စာရင်းစစ်ချိန်နှင့် လုံခြုံရေး စစ်ဆေးချိန် VPN ကိုပါ မိုဘိုင်းလ်ဖုန်းအတွင်းစစ် ဆေးပြီး VPN တွေ့ရှိလျှင် ငွေကျပ် အနည်းဆုံး ၅ သောင်းမှ ၂ သိန်းအထိ တောင်းယူ
ရန်ကုန်၊ ဇွန် ၁၇
ရန်ကုန်နှင့်မန္တလေးတို့တွင် ညပိုင်း ဧည့်စာရင်းစစ်ချိန်နှင့် လုံခြုံရေးအရ စစ် ဆေးမှုများ ပြုလုပ်ချိန်တွင် မိုဘိုင်းလ်ဖုန်းအတွင်း VPN စစ်ဆေးမှုများပါ လုပ်ဆောင်ပြီး VPN ဆော့ဝဲလ်များ စစ်ဆေးတွေ့ရှိပါက အနည်းဆုံး ၅ သောင်းမှ ငွေကျပ် ၂ သိန်းအထိ စစ်တပ်နှင့်ပျူစောထီးများက တောင်းယူနေကြောင်း ငွေညှစ်ခံရသော ကာယကံရှင်ပြည်သူတချို့ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်တိုင်း၊သာကေတမြို့နယ်အတွင်းတွင် ဇွန်လ ၁၅ ရက်နေ့ညပိုင်း ဧည့် စာရင်းစစ်သည်ဟုဆိုကာ မိုဘိုင်းလ်ဖုန်းများအတွင်းတွင် VPN ဆော့ဝဲလ်များကို စစ်ဆေးကြောင်း၊ VPN ဆော့ဝဲလ်တွေ့ရှိပါက ငွေကျပ် အနည်းဆုံး ၅ သောင်းမှ ငွေကျပ် ၂ သိန်းအထိ အိမ်ခြေအနေကို လိုက်၍ တောင်းယူကြောင်း သာကေတမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။
“အဓိက အုပ်ကြီးနဲ့ ရာအိမ်မှူးတွေက ငွေတောင်းတာ။ စစ်သားတွေကလည်း ဖုန်းကို ယူစစ်တယ်။ VPN ကိုတော့ အုပ်ကြီးက စစ်တာ။ ၅ သောင်းပေးလိုက်ရတယ်” ဟု သာကေတမြို့နယ်မှ ပြည်သူက ရှင်းပြသည်။
အလားတူ မန္တလေးမြို့၊ သိပ္ပံမ်း ကညနရုံးအစောင့် ရဲနှင့် စစ်သားများကလည်း သိပ္ပံလမ်းပေါ်တွင် ညပိုင်း ဆိုင်ကယ်များ၊ ယာဉ်များနှင့်အသွားအလာများကို ရပ်တန့်ခိုင်းပြီး VPN များ စစ်ဆေးကြောင်း၊ မိုဘိုင်းလ်ဖုန်းအတွင်း VPN တွေ့ရှိပါက ငွေကျပ် သိန်းချီတောင်းယူကြောင်း သိရှိရသည်။
“မန္တလေးမြို့ သိပ္ပံလမ်း ကညန မှာရှိတဲ့ အစောင့်ရဲ နဲ့ စစ်သားတွေက ညဘက် သိပ္ပံလမ်းမှာထွက်ပြီး VPN စစ်။တယ်။ VPN မိရင် တစ်သိန်း၊ နှစ်သိန်းတောင်းပါတယ်။ မနက်ပိုင်းဆိုရင် ကညန ဝင်ပေါက်မှာ လိုင်စင်လာလုပ်တဲ့ ပွဲစားတွေနဲ့ပြည်သူတွေထံကနေ တယောက်ကို ၅၀၀၀၊ ၁၀၀၀၀ တောင်းတယ်။ မနက်ပိုင်းဆိုရင်တော့ အောင်သာယာရပ်ကွက်ဘက် ကောင်တွေဖြစ်တဲ့ ဝေကြီး၊ အေကြီးနဲ့ ဝက်ပေါက်ဆိုတဲ့သူတွေကို တောင်းခိုင်းတယ်။ အခု ဒီကောင်တွေကို ကညနမှာ ဂိတ်စောင့်အပေါက်စောင့် တာဝန်ကျတဲ့ ရဲ စစ်သားတွေက ညဘက်ဆို ရဲ/စစ်သား ဝတ်စုံ ယူနီဖောင်းပေးဝတ်ပြီး ကညန သိပ္ပံလမ်းရှေ့မှာ လာသမျှကား ဆိုင်ကယ် တားပြီး VPN စစ်တယ်။ မိတဲ့သူတိုင်းကို ငွေတောင်းတယ်။ ပြီးရင် ရသမျှ အကုန်ပြန်ခွဲယူတယ်။ အခုညတိုင်းတောင်းနေတာ။
အောင်သာယာ သူခိုးဂျပိုး စာမတတ် ပေမတတ်တွေက အဲဒါနဲ့ ဂွင်တည့်နေတာ” ဟု ယင်းဖြစ်စဉ်များကို သေချာစွာ သိရှိထားသူတစ်ဦးက ရှင်းပြသည်။
လက်ရှိတွင် စစ်ကောင်စီက VPN များကို ပိတ်ပင်မှုများကို မေလ ၃၀ ရက်နေ့မှစတင်လုပ်ဆောင်ခဲ့ပြီး VPN များကို တားဆီးရန်အတွက် ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို ရေးဆွဲလျက်ရှိနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧည့်စာရင်းစစ်ဆေးနေစဉ်။
