26 C
Yangon

မတူပီမြို့ရှိ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင် တပ်ဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီးနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ

Must read

မတူပီမြို့ရှိ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင် တပ်ဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီးနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ

■ မတူပီ ဗျူဟာကုန်း၊ ခလရ ၁၄ဝ တပ်ရင်း နှင့် ကျန်ရှိနေသာ စစ်စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေ

ရန်ကုန်၊ ဇွန် ၁၈

ချင်းပြည်နယ်၊ မတူပီမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၃၀၄ တပ်ရင်းကို ချင်းညီနောင် တပ်ဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီးနှင့် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း ချင်းညီနောက် သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ဇွန်လ ၉ ရက်နေ့မှစ၍ ချင်းပြည်နယ် တောင်ပိုင်း အထိုင်ဗျူဟာဖြစ်သော မတူပီမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ်စခန်းများကို ချင်းညီနောင် တပ်ဖွဲ့ ဝင်များသည် မဟာမိတ် အာရက္ခတပ်တော် (AA)၊ Yaw Army (YA) အစရှိသည့် အခြားမဟာမိတ်တပ်ဖွဲ့များနှင့်အတူ အင်အား အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ ၃ဝ၄ တပ်ရင်းကို အပြီးသတ် သိမ်းယူနိုင်ခဲ့ပြီး ဟောင်ဝှစ်ဇာ လက်နက်ကြီးနှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းရင်း တော်လှန်ရေး တပ်ဖွဲ့များဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် ကျဆုံးခဲ့သည့် အာဇာနည်ရဲဘော်အချို့ ရှိကြောင်း သိရသည်။

မတူပီမြို့ရှိ ကျန်ရှိနေသေးသော အကြမ်းဖက် စစ်တပ်၏ မတူပီ ဗျူဟာကုန်း၊ ခလရ ၁၄ဝ တပ်ရင်း နှင့် စစ်တပ်စခန်းများကိုလည်း ဆက်လက် သိမ်းယူနိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

“တစ်မြို့လုံးသိမ်းမိတာ မဟုတ်သေးဘူး။ ကျန်ရှိနေတဲ့ ဗျူဟာကုန်းတို့၊ ခလရ ၁၄၀ တို့ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ မြေပြင်ကနေ စကစ သေဆုံးမှု အရေအတွက်တို့ လက်နက်သိမ်းဆည်း ရရှိမှု အရေအတွက်တို့ ပေးပို့လာတာမရှိသေးဘူး။ ကျနော်တို့ သိမ်းဆည်းဖို့က ဗျူဟာကုန်းကျန် သေးတယ်။ ၁၄၀ လည်းကျန်သေးတယ်။ အဲဒါတွေကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေရတဲ့ အနေအထားမှာဖြစ်တဲ့ အတွက်ကြောင့် မိဘပြည်သူလူထုအနေနဲ့ ဝိုင်းဝန်းထောက်ပံ့ပေးကြဖို့ ဆုတောင်းမေတ္တာပို့ပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ချင်းညီနောင် စစ်ဆင်ရေး သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

စခန်းသိမ်း အောင်မြင်မှု ရရှိနိုင်ရေးအတွက် နိုင်ငံအသီးသီးမှ ထောက်ပံ့လျက်ရှိသော ထောက်ပို့ ပြည်သူများနှင့် ထိုးစစ်များအတွင်း ပါဝင်ခဲ့သော စစ်သည်တော်များ အားလုံး၏ ပြောင်မြောက်သော တိုက်ရည်ခိုက်ရည်၊ သတ္တိနှင့် အမိန့်နာခံမှုတို့ အပေါ် ချင်းညီနောင်အနေဖြင့် လေးနက်စွာ အသိအမှတ်ပြုကြောင်း၊ ထို့ပြင် ဤစခန်းသိမ်း တိုက်ပွဲများတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း အသက်နှင့်ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသည့် ရဲဘော်များကို မှတ်တမ်းတင် လေးစားအသိအမှတ်ပြုကြောင်း ချင်းညီနောက် တပ်ဖွဲ့က ပြောဆိုထားသည်။

မေလ ၂၇ ရက်နေ့တွင် တီးတိန်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ စခန်းများဖြစ်သော EPC လျှပ်စစ်ရုံးစခန်းနှင့် တာဝါတိုင်ကုန်းစခန်း ၂ ခုအား နံနက် ၄ နာရီခန့်တွင် ချင်းညီနောင်တပ်ဖွဲ့ဝင်များက စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၇ နာရီခန့်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၉ ဦး အရှင်ဖမ်းဆီးမိကာ လက်နက်ကြီး၊ လက်နက်ငယ် ၁၇ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ လုံးဝကင်းစင်ရန် အတွက် ပြည်တွင်းပြည်ပရှိ ပြည်သူများမှ ဆက်လက် ထောက်ပံ့ ကူညီအားပေးကြရန် ချင်းညီနောင် တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article