သံတွဲမြို့နယ်၊ ရွှေလှေရွာကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၃ ဦး သေဆုံး
ရန်ကုန်၊ ဇွန် ၂၁
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ရွှေလှေရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဇွန်လ ၂၀ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် ရွှေလှေတိုက်နယ် ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၀ ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယနေ့ ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၂၀ ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် သံတွဲမြို့ရှိ အကြမ်းဖက် စစ်တပ်၏ တပ်ရင်းများက အမြောက်ကုန်းမှနေ၍ လက်နက်ကြီးများဖြင့် ရွှေလှေရွာကို ပစ်ခတ် ခဲ့ရာ အသက် ၈၈ နှစ်အရွယ် ဒေါ်ကြည်စိန်၊ အသက် ၅၄ နှစ်အရွယ် ဒေါ်စာသိန်းနှင့် အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်ရီ တို့သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၁၇ နှစ်အရွယ် မောင်ထွန်းလင်းဇော်နှင့် အသက် ၇၀ အရွယ် ဒေါ်မငယ်တို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မေလအတွင်းက တိုက်ပွဲပြင်းထန်မှုကြောင့် ရွှေလှေတိုက်နယ်ကျေးရွာများမှ သောင်းနှင့်ချီသော ပြည်သူများသည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ပြီး ဇွန်လအစောပိုင်းကစ၍ တိုက်ပွဲငြိမ်သက်မှုကြောင့် ယင်းရွာသားများမှ နေအိမ်ကို ပြန်လည်ဝင်ရောက် နေထိုင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
ငပလီမြို့အနီး စစ်တပ် တပ်ရင်းအနီးတစ်ဝိုက်တွင်လည်း အကြမ်းဖက် စစ်တပ်နှင့် AA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး AA က ငပလီမြို့ထဲရှိ ခမရ ၅၆၆ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။
(Western News-WN သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)