33.5 C
Yangon

တနင်္သာရီတွင် စစ်တပ် ကုန်တင်ကားယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ စလင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၅

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကုန်တင်ကား ယာဉ်တန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ် နာရီခန့်တွင် တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းတံတားဘက်မှ ခမရ ၅၆၁ တပ်ရင်းသို့ ဦးတည်ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်၏ ကုန်တင်ကား ၃ စီးကို ငါးမိုင်ရွာအနီး၌ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၁ စီး ပျက်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ယင်းနေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင်လည်း ခြောက်မိုင်ရွာအနီး၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ မိနစ် ၂၀ ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ညနေ ၄ နာရီခန့်တွင်လည်း ဘန်လောလမ်းဆုံ မီးလောင်ကုန်းအနီးတွင် မြိတ်ခရိုင် ရင်း (၂) ခွဲ (၁)၊ ရင်း (၃) ခွဲ (၁)၊ မြိတ်မြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲအတွင်းမှာတော့ စစ်ခွေး ၃ ကောင်ထက်မနည်း သေဆုံးပါတယ်။ ကျနော်တို့ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့က ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု People’s Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ မှ တာဝန်ရှိသူက ပြောဆိုသည်။

လက်ရှိချိန်တွင် တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများ နေ့စဉ် ဆက်လက်ဖြစ်ပွားနေ၍ ပြည်သူများ တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် အနီးဝန်းကျင်သို့ သွားလာခြင်း မပြုလုပ်ကြရန် မြိတ်ခရိုက် တပ်ရင်း ၂ က အသိပေးပြောဆိုထားသည်။

အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျေးရွာများကိုလည်း စစ်တပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၃ ရက်နေ့တွင် စလင်းမြို့နယ် ကန်တိုင်ကွေ့ကျေးရွာကို အကြမ်းဖက် စစ်တပ်က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်လာ၍ လက်နက်ကြီးများ အထိုင်ချကာ တပ်စွဲခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် မေလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ကန်တိုင်ကွေ့ကျေးရွာမှ နတ်စဥ်ကုန်း၊ ကန်ဘောင်၊ ရှားတော၊ စဥ့်တုကန်၊ သီးကုန်းနှင့် ပျိုးခင်းကုန်းကျေးရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်လာ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ကန်တိုင်ကွေ့ကျေးရွာ၌ လက်နက်ကြီးများဖြင့် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကလည်း ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် စလင်းမြို့ဘက်မှလည်း ကား ၃ စီးဖြင့် စစ်အင်အားများ ထပ်မံ ဖြည့်တင်းခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် စဥ့်တုကန်ကျေးရွာနှင့် ပျိုးခင်းကုန်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကန်တိုင်ကွေ့ကျေးရွာသို့ ပြန်လည်ဆုပ်ခွာသွားကြောင်း သိရှိရသည်။

မေလ ၁ ရက်ကလည်း စလင်းမြို့နယ် အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်၏ တပ်မ ၁၀၁ လက်အောက်ခံ ၂၅၃ ၊ ၂၅၄ နှင့် ၂၅၅ တပ်ရင်းများမှ စစ်သားများက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုး ဝင်ရောက်ကာ ထနောင်းကုန်းကျေးရွာ၊ ကံစွယ်ရွာ၊ သနပ်ကုန်းရွာ နှင့် ကြူဝန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် စစ်ကြောင်းသည် ပြည်သူ ၁ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး အဖွားအို ၂ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ထနောင်းကုန်းကျေးရွာသည် ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျခဲ့ပြီး ကြူဝန်းရွာမှ နေအိမ် ၃ လုံးနှင့် သနပ်ကုန်းကျေးရွာ ဆက်သွယ်ရေးတာဝါတိုင် မြောက်ဘက်ရှိ နေအိမ်များလည်း ပြာကျခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများ မွေးမြူထားသော ကျွဲ၊ နွားနှင့် ဝက်များလည်း မီးလောင်သေဆုံးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article