မတ္တရာနှင့် စစ်ကိုင်းမြို့နယ်ရှိ စစ်တပ်အထိုင်စခန်းများကို တော်လှန်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဇွန် ၂၄
မန္တလေးတိုင်း မတ္တရာမြို့နယ် ဟင်္သာရွာသစ်ရှိ အကြမ်းဖက် စစ်တပ်အထိုင်ချ နေရာများနှင့် စစ်ကိုင်းမြို့နယ်၊ အုန်းတော (ရွှေဘို-မန္တလေး) လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချထားသော တိုက်ပေါ်သို့ တော်လှန်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
မတ္တရာမြို့နယ်၊ ဟင်္သာရွာသစ်ရှိ အကြမ်းဖက်စစ်တပ် အထိုင် ချထားသော ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ဒရုန်း ဖြင့် ဗုံး ၄ လုံးချ၍ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားများ၏ ထိခိုက်သေဆုံးမှုကို စုံစမ်းဆဲဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။
ဇွန်လ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်မှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးအဖွဲ့များဘက်မှ Fixed Wings Drone တစီး ပျက်ကျဆုံးရှုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) နှင့်အတူ မတ္တရာမြို့နယ် ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ဇွန်လ ၁၈ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ် တွင်လည်း စစ်ကိုင်းမြို့နယ်၊ အုန်းတော (ရွှေဘို-မန္တလေး) လမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ချထားသော တိုက်ပေါ်သို့ မဟာမိတ်တပ်ဖွဲ့များက fixed wings drone များ အသုံး ပြု၍ ဗုံး သီးချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သားများ၏ ထိခိုက်သေဆုံးမှုကို အတည်ပြုစုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) နှင့်အတူ AIR DEAD COLUMN (ADC) ဝေဟင်သေမင်းစစ်ကြောင်း၊ 7PDF (MDY)၊ ကြောင်လက်သည်း၊ နန်းတက်မင်း၊ Phoenix (sgg)၊ ဇာမဏီ မဟာမိတ်တပ်ဖွဲ့တို့ အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။
ထို့ပြင် ဇွန်လ ၂ဝ ရက်နေ့တွင်လည်း နံနက် ၁ဝ နာရီခန့်မှ စတင်ကာ မတ္တရာမြို့နယ်၊ ဟင်္သာရွာသစ်ရှိ အကြမ်းဖက်စစ်သားများ အထိုင် ချတပ်စွဲထားသောနေရာသို့ Fixed Wings Drone ၊ Multirotor Drone များဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းများဖြင့် ဟန်ချက်ညီညီ မစ်ရှင်ဖော်ဆောင်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ရဲဘော်များ အထိ အခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း မစ်ရှင်အတွင်း Fixed Wings Drone နှစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) ထံမှ သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြင်ဦးလွင်ခရိုင်ဒရုန်းတပ်ဖွဲ့ (ရတနာပုံတပ်ဦး) နှင့်အတူ မန္တလေးခရိုင် တပ်ရင်း(၃)၊ 7PDF(MDY)၊ မတ္တရာမြို့နယ်(ပကဖ) မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေးဒရုန်းတစ်စီး။
