ရန်ကုန်၊ မေ ၂၂
ပဲခူးတိုင်းတွင် စစ်မှုထမ်း တပ်သားသစ် ၁ ဦး အကြမ်းဖက် စစ်တပ်၏ မတရားခိုင်းစေညွှန်ကြားချက်များကြောင့် တာဝန် မထမ်းဆောင်လို၍ PDF တပ်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း ပဲခူးအနောက်ရိုးမဗျူဟာ-၂၂ က ထုတ်ပြန်ထားသည်။
မေလ ၂၀ ရက်နေ့တွင် အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာန ဗျူဟာ ၂၂ ထံသို့ စစ်မှုထမ်း တပ်သားသစ် ၁ ဦးသည် အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို စစ်မှုထမ်းသည် အပတ်စဉ် ၁၅ သင်တန်းဆင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်တွင် မတရားခိုင်းစေညွန်ကြားချက်များနှင့် တာဝန်မထမ်းဆောင်လို၍ ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ်ကို နည်းဗျူဟာ ၂၂ ကွပ်ကဲမှု အောက်တွင် နွေးထွေးစွာ ကြိုဆိုလက်ခံထားကြောင်း၊ အကြမ်းဖက် စစ်တပ်၏ စနစ်ဆိုး စစ်ကျွန် အောက်တွင် ရှိနေသည့် စစ်သား၊ ရဲ၊ စစ်မှုထမ်းနှင့် ပျူစောထီး အနေဖြင့် ဗျူဟာ ၂၂ နှင့် ဗျူဟာ ၂၂ ကွပ်ကဲမှု အောက်ရှိ တပ်ရင်းတပ်ခွဲများထံ အလင်းဝင်ရောက်ကြရန် ဖိတ်ခေါ်ထားသည်။
အလင်းဝင်ရောက်လာသော စစ်သား၊ ရဲ၊ စစ်မှုထမ်းနှင့် ပျူစောထီး အနေဖြင့် လက်နက် ခဲယမ်းများပါ ယူဆောင်လာပါက ထိုက်ထိုက်တန်တန် ချီးမြှင့် ဂုဏ်ပြုသွားမည်ဖြစ်ပြီး ဗျူဟာ (၂၂) မှ တပ်ရင်း တပ်ခွဲများက နွေးထွေးစွာ လက်ခံကြိုဆိုနေကြောင်း အသိပေးပြောဆိုထားသည်။
ပြည်သူ့ပန်းတိုင်အဖွဲ့၏ ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် မေလ ပထမပတ် အထိ အလင်းဝင် ပူးပေါင်းလာသော စစ်သား၊ လက်နက်ချ စစ်သားနှင့် စစ်သုံ့ပန်း စုစုပေါင်း ၃၁၁၇ ဦးထိရှိပြီ ဖြစ်ကြောင်း သိရသည်။




