မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်ရွာတွင် ကျွဲ ၁ ကောင်ရမ်းခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်၊ ဇွန် ၂၄
ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ မိုင်းယု ၁၀၅ မိုင်ရွာတွင်ကျွဲ ၁ ကောင် ရွာအတွင်း လိုက်လံ ရမ်းခတ်မှုကြောင့် အမျိုးသမီး၁ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရရရှိခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုသည်။
ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းတွင် ကားပေါ် တင်ဆောင်လာသည့် ကျွဲတစ်ကောင်သည် ကားပေါ်မှ လွှတ်မြောက်ပြီး ရွာထဲတွင် ရမ်းခတ်ခဲ့ကြောင်း၊ ထိုသို့ ရမ်းခတ်မှုကြောင့် အသက် ၅၂ အရွယ် ဒေါ်ကြာအေးဆိုသူသည် နံရိုးနှင့် ရင်ဘတ်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသစဥ် ယနေ့ နံနက်ပိုင်း၌ သေဆုံးခဲ့ကြောင်း သိရှိရသည်။
ကျွဲလိုက်လံခတ်မှုကြောင့် ညှပ်ရိုး၊ နံရိုးကျိုး၊ ကျောအဆစ်ပြားနှင့် ရင်ဘတ် ပြင်းထန်ဒဏ်ရာရရှိသူ ၃ ဦးသည်လည်း လက်ရှိချိန်တွင် ကွတ်ခိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း၊ ပေါင်နှင့် လက်တို့တွင် ဒဏ်ရာအနည်းငယ် ရရှိသည့် ကျေးရွာနေ ပြည်သူ ၁၆ ဦးလည်း ၁၀၅ မိုင်ဆေးခန်းနှင့် ကြက်ခြေနီရုံး ဆေးခန်းတွင်သာ ဆေးကုသမှုခံယူနေကြကြောင်းသိရှိရသည်။
သေဆုံးမှုနှင့်ထိခိုက်မှု နစ်နာမှု ကြုံတွေ့ခံစားခဲ့ရသူများအတွက် ကုစားပေးနိုင်ရန်အတွက် PSLF/TNLA မှ တာဝန်ရှိသူမျာက ကျွဲပိုင်ရှင်အတူ ဆောင်ရွက်နေကြောင်းသိရှိရသည်။
အဆိုပါကျွဲအား ဖမ်းဆီးရန်ကြိုးပမ်းသော်လည်း မရရှိသောကြောင့် သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း ထို့နောက် ကျွဲပိုင်ရှင်အား ခေါ်ယူပြီး စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။


