အင်းတော်၊ နံ့သာရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဖြစ်စဉ် အတွင်း ထိခိုက် ဒဏ်ရာရရှိသူများထဲမှ ဆေးကုသခွင့်မရဘဲ သွေးထွက်လွန်၍ ပြည်သူ ၄ ဦး ထပ်မံ သေဆုံး၊ သေဆုံးသူ ၁၈ ဦးထိရှိလာ
■ နားခါရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၂၅
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နံ့သာကျေးရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဖြစ်စဉ် အတွင်း ထိခိုက် ဒဏ်ရာရရှိသူများထဲမှ ဆေးကုသခွင့်မရဘဲ သွေးထွက်လွန်၍ ပြည်သူ ၄ ဦး ထပ်မံ သေဆုံးပြီး သေဆုံးသူ ၁၈ ဦးထိရှိလာကြောင်း Indaw Revolution-IR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၂ ရက်နေ့ ညပိုင်းတွင် အင်းတော်မြို့နယ်၊ နံ့သာကျေးရွာ ဘုန်းကြီးကျောင်း၌ အကြမ်းဖက် စစ်တပ်က လူသားဒိုင်း အဖြစ် ပြည်သူများကို ဖမ်းဆီးထားစဉ် တံတားဦးမှတက်လာသည့် ဂျက်ဖိုက်တာ လေယာဉ် ၁ စီးက ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ ၁၄ ဦးသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိထားသူများကို အကြမ်းဖက် စစ်တပ်က ဆေးကုသခွင့်မပေးသောကြောင့် သွေးထွက်လွန်၍ ပြည်သူ ၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း၊ ထပ်မံသေဆုံးသူ အရေအတွက်သည် ပိုမိုများပြားနိုင်ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအဝင်အထွက်ကို ပိတ်ဆို့ထားသောကြောင့် အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
သေဆုံးသွားတဲ့ ပြည်သူများမှာ ဦးဇင်း ဝင်းဇော် ၄၀ နှစ် ၊ ဒေါ်ကျင်စော ၇၅ နှစ် ၊ မပို ၄၀ နှစ် ၊ ဦးသန်းစိန် ၅၅ နှစ် ၊ ဦးအုန်းကျော် ၆၀ နှစ် ၊ ဦးပိန်သေး ၅၉ နှစ် ၊ ဒေါ်မနှင်း ၆၂ နှစ် ၊ မစန္ဒာလင်း ၃၂ နှစ် ၊ မသူဇာမော် ၃၄ နှစ် ၊ ဦးကျော်မျိုး ၃၇ နှစ် ၊ မခင်စံပယ်ဦး ၃၀ နှစ် နှင့် ၎င်း၏ သားဖြစ်သူ အသက် ၅ နှစ် အရွယ် ကလေးငယ် ၊ ဒေါ်ဂျမ်းပုံ ၈၀ နှစ် နှင့် ၎င်း၏ သမီးဖြစ်သူ ၆၀ နှစ် ၊ ဒေါ်တင်အေး ၅၀ နှစ် ၊ မကြူကြူ ၄၅ နှစ် နှင့် ကိုတင်စို တို့ ဖြစ်ကြောင်း သိရသည်။
“စာရင်းရထားတာက ၁၈ ဦးပေါ့။ နယ်မြေမရှင်းလင်းနိုင်တာရယ် ပိတ်မိနေတဲ့ ပြည်သူတွေကို စစ်ခွေးတွေက ထွက်ခွင့်မပေးသေးတာရယ်ဆိုတော့ အခြေနေအသေးစိတ်ကတော့ မသိရသေးပါဘူး။ ကျန်တော်တို့ ထပ်သိရတာကတော့ ပြည်သူတွေ သေဆုံးတာ ၂၀ ကျော်ပြီလို့တော့ သိထားရတယ်” ဟု Indaw Revolution-IR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဇွန်လ ၂၄ ရက်နေ့ ည ၉ နာရီခန့်တွင် အင်းတော်မြို့၊ စစ်တပ်ကုန်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် နားခါရွာထဲ ကျရောက် ပေါက်ကွဲကာ ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်သည် နားခါရွာ ဘုန်းကြီးကျောင်း အနီးရှိ နေအိမ် ၁ လုံး ပေါ်ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၆၅ နှစ် အရွယ် ဦးစိုးနိုင် လက်နက်ကြီး ကျည်စ ထိမှန်ကာ နံနက် ၃ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း Indaw Revolution-IR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

