27 C
Yangon

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တတိယမြောက်နေ့တွင် မိုးကုတ် ရဲစခန်းနှင့် အုမ္မခါးရွာရှိ စစ်တပ် စခန်းကို TNLA က သိမ်းပိုက်ခဲ့ပြီး မြို့နယ် ၅ ခုတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

Must read

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တတိယမြောက်နေ့တွင် မိုးကုတ် ရဲစခန်းနှင့် အုမ္မခါးရွာရှိ စစ်တပ် စခန်းကို TNLA က သိမ်းပိုက်ခဲ့ပြီး မြို့နယ် ၅ ခုတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေ

■ နောင်ချို ရဲစခန်းကို TNLA က တိုက်ခိုက် သိမ်းပိုက်စဉ် မူယစ်ဆေးဝါး (ယာမဆေးပြား) များစွာ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၂၇

ရှမ်းမြောက်ဒေသနှင့် မန္တလေးတိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တတိယမြောက်နေ့တွင် မိုးကုတ် ရဲစခန်းနှင့် အုမ္မခါးရွာရှိ စစ်တပ် စခန်းကို TNLA က သိမ်းပိုက်ခဲ့ပြီး မြို့နယ် ၅ ခုတွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုသည်။

မိုးကုတ်မြို့နယ် အေးစေတီတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်၏ ခလရ (၈၈) လက်အောက်ခံ လပခ၊ ခလရ- ၁၄၈ တပ်စခန်းကို ဇွန်လ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLAက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မိုးကုတ် ရဲစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် ကျောက်မဲမြို့တွင် တအာင်းတပ် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲတို့ အကြမ်းဖက် စစ်တပ်၏ စကခ (၁) ၊ ခမရ (၅၀၁) ၊ (၅၀၂) တပ် ၊ စည်ပင် ၊ ဘုန်းတော်ကြီးကျောင်းနှင့် နောင်ပြစ် စသည့်နေရာများတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နောင်ချိုမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ – ၁၁၄ တပ်စခန်းကို တအာင်းတပ် TNLA စစ်ကြောင်းက နံနက် ၆ နာရီ ၆ မိနစ်ခန့်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် အုမ္မခါးရွာ၌ တပ်စွဲထားသည် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို တအာင်းတပ်မတော် TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

နောင်ချို ရဲစခန်းကို TNLA က တိုက်ခိုက် သိမ်းပိုက်ချိန်တွင် မူယစ်ဆေးဝါး (ယာမဆေးပြား) များစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

နောင်ချိုမြို့တွင်လည်း နံနက် ၁၁ နာရီ ၁၄ မိနစ်ခန့်၌ တအာင်းတပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေသည့် အကြမ်းဖက် စစ်တပ်က ၁၁၄ တပ်ရင်း စခန်းကို Y-12 လေယာဉ်ဖြင့် လည်းကောင်း၊ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ဂျတ်ဖိုက်တာဖြင့် လည်းကောင်း လာရောက် ဗုံးကျဲခဲ့ကြောင်း၊ တအာင်းတပ်မတော် TNLA နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့သည် အကြမ်းဖက် စစ်တပ်၏ ၆၀၆ တပ်စခန်းကို နံနက် ၁၁ နာရီခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ၅ ကြိမ်၊ Jet Fighter ဖြင့် ၁၈ ကြိမ် လာရောက် ဗုံးကျဲခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် မိုးမိတ်မြို့နယ်၊ လယ်ကြီးရွာအနီးတဝိုက်၌ တအာင်းတပ်မတော် TNLA က အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ကလည်း ကျောက်မဲမြို့နယ်တွင် တအာင်းတပ်ထံ လက်နက်ချအလင်းဝင်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၇ နှင့်အတူ ၆၀မမ ၂ လက်၊ စလတ် ၆ လက်၊ RPG-7 ၂ လက်၊ စနိုက်ဘာ ၁ လက်၊ ပစ္စတို ၅ လက်၊ မိုင်း ၅ လုံး၊ ၆၀ မမ ဗုံးသီးနှင့် RPG ဗုံးသီးများအပြင် စစ်အသုံးအဆောင်ပစ္စည်းများ၊ လက်နက်မျိုးစုံ ၅၉ မျိုးနှင့် ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article