28 C
Yangon

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာသား ၄၀ ကျော်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် စစ်ကောင်စီက အမှုဖွင့် တရားစွဲ

Must read

စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာသား ၄၀ ကျော်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် စစ်ကောင်စီက အမှုဖွင့် တရားစွဲ

ရန်ကုန်| ဇွန် ၂၉

ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသား ၄၀ ကျော်ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် စစ်ကောင်စီက အမှုဖွင့်တရားစွဲဆိုထားကြောင်း မိသားစုဝင်များထံမှ သိရသည်။

မေလ ၂၉ ရက်နေ့က ဗျိုင်းဖြူကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ရွာသား ၂၀၀ ခန့်ကို ဖမ်းဆီးနှိပ်စက်ကာ ယင်းအထဲက ၇၈ ဦးကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။

ကျန်ရွာသားများကို စစ်ကြောရေးသို့ ခေါ်ဆောင်သွားပြီး ယင်းအထဲက ၄၅ ဦးခန့်ကို စစ်ကောင်စီ တပ်သားများက မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲထားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

” ဖမ်းပြီး ရက်ပိုင်းလောက်အကြာမှာ ၃၈ ဦးကို အမှုဖွင့်တယ်။ ဇွန်လ ၁၀ ရက်နေ့မှာ ၃၈ ဦးအပါအဝင် နောက်ထပ် ရွာသားတွေ ပေါင်း ၄၅ ဦးလောက်ရှိမယ်။ တခါတည်း ချုပ်ရမန်ယူလိုက်တယ်။ ဟိုတနေ့က ဇွန်လ ၂၅ ရက်နေ့မှာ သူတို့အားလုံးကို မတရားအသင်းဆက်သွယ်ပုဒ်မှု ၁၇ (၁) နဲ့ တရားရုံးတင်လိုက်ပြီလို့ သိရပါတယ်။ ဘာအပြစ်မှ မလုပ်ထားတာကို ဘယ်သူ့ကိုမှလည်း မဆက်သွယ်တာကို မတရားစွပ်စွဲ ထောင်ချဖို့ လုပ်နေတာဖြစ်တယ်။ ပြည်သူတွေကို စစ်ကောင်စီက အနိုင်ကျင့်နေတာပါ။ ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ဗျိုင်းဖြူရွာသား ၄၅ ဦးခန့်ကို ဇွန်လ ၂၅ ရက်နေ့က ပထမဆုံးအကြိမ် စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း သေသေချာချာ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခြင်းမရှိသေးကြောင်း စုံစမ်းသိရှိရသည်။

တရားစွဲဆိုခံထားရသည့် ဗျိုင်းဖြူရွာသားများမှာ အစာရေစာ ငတ်ပြတ်နေကြသည့်အပြင် ခန္ဓာကိုယ်တွင် ရိုက်နှက်ဒဏ်ရာများစွာနှင့် ခြေသလုံးတွင် သံတုတ်ဖြင့် လိမ့်ထားသည့်ဒဏ်ရာများကို တွေ့ရသည်ဟု ရုံးထုတ်လာစဉ် မြင်တွေ့လိုက်ရသည့် မိသားစုဝင်များက ပြောသည်။

” ကျမတို့ကို သီးသန့်တွေ့ခွင့်မပေးဘူး။ တစ်ယောက်မှ မတွေ့ရဘူး။ အဲဒီတော့ ရုံးထုတ်တဲ့အချိန်မှာပဲ အဝေးက ကြည့်ခွင့်ရတာ။ လူတွေက ထမင်း ဘယ်နှစ်ရက်တောင် မစားထားရလဲမသိဘူး။ ပိန်လိန်ဖြစ်နေကြတယ်။ လက်တွေ၊ မျက်နှာတွေမှာ ထုရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ အများကြီးပဲ။ ခြေသလုံးမှာဆိုရင်လည်း သံတုတ်နဲ့ လိမ့်ထားတဲ့ ပုံစံပဲ ဒဏ်ရာတွေအပြည့်နဲ့။အကျဉ်းထောင်မှာ တော်တော်လေး နှိပ်စက်ထားပုံရပါတယ်။ မြင်ရတာ ဘယ်လိုမှ စိတ်မကောင်းဘူး။ အရမ်းရင်နာရပါတယ်။ ” ဟု နောက်ထပ် မျက်မြင် မိသားစုဝင်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံ ဗျိုင်းဖြူရွာသားများကို စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်ကြသည့်အပြင် ယခု စစ်တွေအကျဉ်းထောင်တွင်လည်း ရိုက်နှက် စစ်ဆေးမှုများရှိကြောင်း စုံစမ်းသိရသည်။

ရခိုင်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ” အပြစ်မဲ့ ဗျိုင်းဖြူရွာသားတွေအပေါ် မတရားဖမ်းဆီး သတ်ဖြတ်တာ၊ ချုပ်နှောင် တရားစွဲတာဟာ မလုပ်သင့်တဲ့အရာဖြစ်တယ်၊ အဲဒီရွာသားတွေဟာ ပြစ်မှုကျူးလွန်ထားတာမဟုတ်ဘူး၊ ဒီလို ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေဟာ အပြစ်မဲ့အရပ်သားအပေါ် လူ့အခွင့်အရေး အလွန့်အလွန် ချိုးဖောက်ရာဖြစ်တယ်။ ” ဟု ပြောသည်။

ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီး စစ်ကောင်စီနှင့်အတူ ဒေါ်စောမြရာဇာလင်းဦးဆောင်သော ALP တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ သင်တန်းဆင်း မွတ်ဆလင် လက်နက်ကိုင်အချို့လည်း ပါဝင်ကြောင်း AA က ထုတ်ပြန်ထားသည်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က AA စွပ်စွဲချက်ကို ငြင်းဆန်ထားပြီး ဗျိုင်းဖြူရွာဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ALP ပြောခွင့်ရ ဦးခိုင်အောင်နိုင်က တုံ့ပြန်ထားသည်။

သို့သော်လည်း အာရက္ခတပ်တော် AA က ဗျိုင်းဖြူရွာသားများအပေါ် အစုလိုက် အပြုံ လိုက်သတ်ဖြတ်ခဲ့ကြသည့် ပါဝင်ပတ်သက်သူများအားလုံးကို လက် တုံ့ပြန်သွားမည်ဟု သတိပေးထားသည်။

ဓာတ်ပုံ – စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ ရွာထဲဝင်ရောက်စီးနင်း နှင်ထုတ်ခြင်းကြောင့် ထွက် ပြေးလာရသော စစ်တွေမြို့နယ် ဗျိုင်းဖြူရွာမှ ဒေသခံများအား ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့က တွေ့ရစဉ်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article