25 C
Yangon

ကြို့ပင်ကောက်မြို့နှင့် အုတ်ဖိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာချင်း ဆက်သွယ်ထားသော ဂဝံလမ်းကို စစ်တပ်က မြေတူးစက်များဖြင့် ဖျက်ဆီး

Must read

ကြို့ပင်ကောက်မြို့နှင့် အုတ်ဖိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာချင်း ဆက်သွယ်ထားသော ဂဝံလမ်းကို စစ်တပ်က မြေတူးစက်များဖြင့် ဖျက်ဆီး

■ လူအင်အား လျော့နည်းနေသည့် ခမရ ၆ တပ်ရင်း တိုက်ခိုက်ခံရမည်ကို စစ်သားများ ကြောက်လန့်နေ

ရန်ကုန် ၊ ဇွန် ၂၉

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နှင့် အုတ်ဖိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာချင်း ဆက်သွယ်ထားသော ဂဝံလမ်းကို အကြမ်းဖက် စစ်တပ်က မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ကြို့ပင်ကောက်မြို့နှင့် အုတ်ဖိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာချင်း ဆက်သွယ်ထားသော အုတ်ဖိုမြို့နယ်အပိုင် ဒေါင်းလေးရွာထိပ်ရှိ သရက်တိုက်တံတား တစ်ဘက်တစ်ချက်ရှိ ဂဝံလမ်းကို အကြမ်းဖက် စစ်သားများက မြေတူးစက်ဖြင့် ၁၀ ပေ အနက်ရှိ တွင်းများတူး၍ ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းကို အုတ်ဖိုမြို့နယ် အရှေ့ဘက်ရှိ ကျေးရွာ ၃၀ ခန့် အားကိုးနေရသည့် လမ်းဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“လမ်းမြေဖို့ရင်း မြေမြုပ်မိုင်း နင်းမိရင် တာဝန်မယူဘူးဆိုပြီး စစ်ခွေးတွေက ပြောနေလို့ ဘယ်သူမှ မြေမဖို့ရဲဘူး။ တိုက်ပွဲမရှိဘူး။ PDF တွေ မြို့ပေါ်တက်လာမယ် သတင်းထွက်နေလို့ လမ်းတွေဖျက်နေတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ လမ်းဖျက်ဆီးခံရသည့် အတွက် ကျေးရွာ ၃၀ မှ ပြည်သူများ ၅၀၀၀ ဝန်းကျင်ခန့် အခက်တွေ့နေကြခြင်း ဖြစ်ပြီး မြေဖို့လိုသော်လည်း မိုင်းနင်းမိမည်ကိုစိုးရိမ်၍ မလုပ်ရဲကြကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ခမရ ၆ တိမ်မြုပ် စစ်တပ်သည် အင်အား လျော့နည်းနေပြီး PDF တပ်ဖွဲ့များ လာရောက် တိုက်ခိုက် သိမ်းပိုက်မည်ကို စိုးရိမ်၍ လမ်းများ ဖျက်ဆီးနေခြင်း ဖြစ်နိုင်ကြောင်း ဒေသပြည်သူများက ရှင်းပြသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၉ရက်နေ့ကလည်း အုတ်ဖိုမြို့နယ်၊ ဆင်ဂေါင်းအုပ်စု၊ ချောင်တင်းကွင်းကျေးရွာနှင့် ဒေါင်းစပါးအုပ်စု သာလိကာကျေးရွာကို ဆက်သွယ်ထားသည့် သာလိကာ-ဂွေးချောင်းလမ်း၊ လှေတုန်း၊ သခွပ်ကုန်း၊ ဒေါင်းစပါး ၊ ဒေါင်ကြီး၊ ဒေါင်လေး စသည့်ကျေးရွာများကို ဆက်သွယ်ထားသည့် သဲကုန်း-ဒေါင်ကြီးလမ်းကို အကြမ်းဖက်စစ်တပ်က မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။

“အဲဒီ လမ်းတွေ ဖျက်လို့ ခုလမ်းကနေ သွားလာနေကြရတာ။ ခုတော့ အကုန်ဒုက္ခများပြန်တာပေါ့။ စစ်ခွေးတွေကြောက်နေတာတော့ သေချာတယ် ရိုးမထဲကနေ မြို့ထဲလာလို့ ရတဲ့လမ်းမှန်သမျှဖျက်ဆီးနေတာ”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article