28 C
Yangon

မိုးကုတ် အနောက်ပိုင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ပျက်စီးမှု များပြား၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်တို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံး

Must read

မိုးကုတ် အနောက်ပိုင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ပျက်စီးမှု များပြား၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်တို့တွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံး

ရန်ကုန်၊ ဇွန် ၃၀

အကြမ်းဖက်စစ်ကောင်စီနှင့် TNLA တပ်များအကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားလျက်ရှိသော မိုးကုတ်မြို့နယ် အနောက်ပိုင်းကို ယမန်နေ့ညပိုင်း စစ်ကောင်စီတပ်များက လေယာဉ်များဖြင့် ဗုံးများ တောက်လျှောက်ကျဲချသဖြင့် ပျက်စီးထိခိုက်မှု များပြားနေကြောင်း မိုးကုတ်မြို့မှ ပြည်သူများက ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့မှ စတင်ခဲ့သော တိုက်ပွဲများကြောင့် မိုးကုတ်မြို့ အနောက်ပိုင်းတွင် ညစဉ် စစ်ကောင် စီက လေယာဉ်များဖြင့် ဗုံးများကျဲချမှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကို လုပ်ဆောင်နေကြောင်း ၊ ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့ ညပိုင်းတွင်လည်း တိုက်လေယာဉ်၊ Y12 လေယာဉ်များဖြင့် ဗုံးများ ကျဲချခဲ့ကြောင်း၊ အထူးသဖြင့် စစ်ကောင်စီ၏ ဗုံးများသည် လူနေရပ်ကွက်များနှင့် နေအိမ်များအပေါ် ကျရောက်ပေါက်ကွဲပြီး ပြည်သူများ သေဆုံးထိခိုက်မှုများနှင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“မိုးကုတ်အနောက်ပိုင်းကတော့ မနေ့ညနေကတည်းက ညဘက်အထိ လေယာဥ်နဲ့ တောက်လျှောက်ဗုံးကျဲနေတာပါ။ အင်တာနက်လိုင်းတွေ ဖုန်းလိုင်းတွေလည်း ဖြတ်ထားတယ်။ ပျက်စီးမှုအရမ်းများပါတယ်။ ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေလည်းရှိပါတယ်။ ပြည်သူတွေလည်း ပိတ်မိနေတော့ လမ်းဖွင့်ပေးဖို့ အားလုံးက မျှော်လင့်နေကြတယ်”ဟု မိုးကုတ်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့ ကျောက်မဲမြို့ အမှတ် ၈ ရပ်ကွက်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေါ်နန်းခင်ဖုန်းနှင့် နန်းမွေးလင်းစံတို့ ၂ ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် နောင်ချိုမြို (ကံ့ကော်)ဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံး ၆ လုံး လာ ရောက်ကျဲချခဲ့မှုကြောင့် ဘုန်းတော်ကြီးကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ မိုးမိတ်မြို့ ညောင်နီရွာတွင် စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ဗုံးကျဲမှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီ နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တိုက်ပွဲ ၅ ရက်တာကာလအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်မဲ၊ နောင်ချိုနှင့် မိုးကုတ်မြို့နယ်တို့တွင် အရပ်သားသေဆုံးသူ ၂၂ ဦးနှင့် ဒဏ်ရာရသူ ၃၀ ဦးအထိရှိလာကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့်တိုက်ခိုက်ခြင်းဖြစ်ပြီး အရပ်သားနေအိမ်နှင့် အရပ်သားတည်ရှိရာနေရာများသို ဦးတည်ပစ်ခတ်မှုကြောင့် ထိုကဲ့သို အရပ်သားသေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း TNLA က ပြောသည်။

လတ်တလော နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့နယ်တို့တွင် စစ်ဘေးရှောင် ၃၀၀၀‌ နီးပါးအထိ ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article