29 C
Yangon

မန္တလေး-ရှမ်း နယ်စပ်ရှိ စစ်ရေးအရအရေးပါသော မိုးမိတ်-တွင်းငယ် လမ်းပိုင်းကို TNLAနှင့် PLA ပူးပေါင်းတပ်များက ထိန်းချုပ်၊ စစ်ကောင်စီ တပ်သားများက တော်လှန်ရေးတပ်များကို ခုခံတိုက်ခိုက် နိုင်ခြင်းမရှိတော့ဘဲ စခန်းစွန့်ခွာ ထွက်ပြေးနေ

Must read

မန္တလေး-ရှမ်း နယ်စပ်ရှိ စစ်ရေးအရအရေးပါသော မိုးမိတ်-တွင်းငယ် လမ်းပိုင်းကို TNLAနှင့် PLA ပူးပေါင်းတပ်များက ထိန်းချုပ်၊ စစ်ကောင်စီ တပ်သားများက တော်လှန်ရေးတပ်များကို ခုခံတိုက်ခိုက် နိုင်ခြင်းမရှိတော့ဘဲ စခန်းစွန့်ခွာ ထွက်ပြေးနေ

■ ကင်းချောင်းတံတား စစ်တပ်ဂိတ်ကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦးအရှင်မိ

ရန်ကုန်၊ ဇွန် ၃၀

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်း အစပ်ရှိ စစ်ရေးအရအရေးပါသော မိုးမိတ်-တွင်းငယ် လမ်းပိုင်းကို TNLAနှင့် PLA ပူးပေါင်းတပ်များက ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီ တပ်သားများက တော်လှန်ရေးတပ်များကို ခုခံတိုက်ခိုက် နိုင်ခြင်းမရှိတော့ဘဲ စခန်းစွန့်ခွာ ထွက်ပြေးနေကြောင်း People’s Liberation Army – PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) အထွေထွေ အတွင်းရေးမှူး ရဲဘော်နီနီကျော် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့မှ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA တပ်ရင်း ၆၀၇ အနေဖြင့် မိုးမိတ်မြို့နှင့် တွင်းငယ်မြို့အကြား လမ်းကြောင်းဖြတ်‌ တောက်ရေးတာဝန်ယူကာ စစ်ကြောင်းထိုးဆင်းလာခဲ့ပြီး ပထမဆုံး စစ်ဆင်ရေးအဖြစ် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရွှေကျောက်မောရွာ ရဲစခန်းကို TNLA တပ်ဖွဲ့နှင့် ပူးပေါင်းကာ သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်မြို့နှင့် မိုးမိတ်မြို့ကို ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ ခလရ ၂၂၃ မှ ဗိုလ်ကြီး အဆင့်ကွက်ကဲသော အဓိက ဖြတ်တောက်ရေး စခန်းတစ်ခုဖြစ်သည့် ကင်းချောင်းတံတားစောင့် ဂိတ်စခန်းကို ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညနေပိုင်းတွင် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ​နှင့် မဟာမိတ် TNLA ပူးပေါင်းတပ်က စစ်ရေးအရ ဗျူဟာမြောက်ပြီး အရေးပါသော တွင်းငယ်-မိုးမိတ် လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်း သိရှိရသည်။

“အဓိက ကတော့ PLA က ဖြတ်တောက်ရေး တာဝန်ကျတယ်။ အဓိက ဗျူဟာမြောက်လမ်းကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီဆိုတာကို လူထုကို သိစေချင်တာပါ။ မန္တလေးတိုင်း သပိတ်ကျဥ်း မြို့နယ်မှာ စစ်ကောင်စီ စစ်တပ်တွေ အများကြီးရှိပါတယ်။ စစ်ကောင်စီ တပ်တွေ စစ်ကူဝင်လာနိုင်တဲ့ အဓိက လမ်းကြောင်းကြီးတစ်ခုကို ဖြတ်တောက် နိုင်လိုက်တာဖြစ်ပါတယ်။ မန္တလေး စစ်ကူပဲဖြစ်ဖြစ် ကချင်ပြည်နယ်ဘက်က လာတဲ့ စစ်ကူပဲဖြစ်ဖြစ် စစ်ကိုင်းကလာတဲ့ စစ်ကူပဲ ဖြစ်ဖြစ် ဒီလမ်းကြောင်းကို ဖြတ်ပြီးမှ မိုးမိတ်ကို ဝင်နိုင်မှာပါ လမ်းဆုံကျတဲ့ ဗျူဟာမြောက်လမ်းကို ဖြတ်တောက် ထိန်းချုပ်နိုင်တဲ့အတွက် အလွန် အရေးကြီးတဲ့နေရာပါ။ လမ်းက အတော်အရေးကြီးတဲ့ လမ်းပိုင်းပါ” ဟု People’s Liberation Army – PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) အထွေထွေ အတွင်းရေးမှူး ရဲဘော်နီနီကျော် က ပြောဆိုသည်။

ကင်းချောင်းတံတားစောင့် ဂိတ်စခန်း သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦးအရှင် ဖမ်းမိကာ ကျန်စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း၊ လက်ရှိချိန်တွင် ရှမ်းမြောက်တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တော်လှန်ရေးတပ်များကို ခုခံတိုက်ခိုက် နိုင်ခြင်းမရှိတော့ဘဲ စခန်းစွန့်ခွာ ထွက်ပြေးမှုများလာကြောင်း သိရသည်။

“ရဲစခန်းက အရင် ABSDF က တက်တိုက်ပြီးထဲက စခန်းကို စွန့်သွားတာပါ။ အဲဒီရဲစခန်းက ရဲတွေနဲ့ ကင်းချောင်း စစ်တပ်စခန်းနဲ့ သွားပေါင်းပြီး ရဲနဲ့တပ် ပေါင်းနေကြတာပါ။ အပြန်အလှန်တော့ ၁ နာရီလောက် တိုက်ပွဲဖြစ်ပြီးတော့ သူတို့ တပ်ဆုတ်ပြေးတာဘဲ စစ်ကောင်စီ တပ်သားတွေက သိပ်မတိုက်ရဲဘူး။ ရဲတွေရောဘဲ နည်းနည်း တိုက်တာနဲ့ ထွက်ပြေးဖို့ပဲ စခန်းစွန့်ခွာဖို့ပဲ ကြိုးစားနေကြတာတွေ့ရပါတယ်” ဟု People’s Liberation Army – PLA (ပြည်သူ့လွတ်မြောက်ရေးတပ်မတော်) အထွေထွေ အတွင်းရေးမှူး ရဲဘော်နီနီကျော် က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article