26 C
Yangon

သံတွဲမြို့နယ်၊ ငပလီတွင် စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက်ထွင်းနေ

Must read

သံတွဲမြို့နယ်၊ ငပလီတွင် စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်များကို စစ်ကောင်စီတပ်သားများက ဖောက်ထွင်းနေ

ရန်ကုန်| ဇူလိုင် ၁

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့တွင် တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်တစ်ချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး ဖောက်ထွင်းယူဆောင်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ငပလီဒေသခံ တစ်ချို့မှာ တိုက်ပွဲများကြောင့် နီးစပ်ရာများသို့ တိမ်းရှောင်နေချိန်တွင် ဂျိတ္တော၊ မဇင်လေဆိပ်နားက အိမ်များနှင့် ငပလီ မီးပွိုင့်နားက နေအိမ် အချို့ကို ဖောက်ထွင်း ခိုးယူခံရမှုများရှိနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အခု က ငပလီ နေရာတော်တော်များများ အဲ့လို ဖြစ်နေတယ်။ တစ်ချို့ ဒေသခံက ရှိနေတယ်။ တစ်ချို့ ကြောက်ပြီးတော့ ထွက်ပြေးနေကြတဲ့အချိန်မှာ အဲ့လို လာလုပ်တယ်။ စစ်ကောင်စီတပ်သားတွေက လာပြီး ဖောက်ထွက်ကြတယ်။ ဂျိတ္တော အောင်သိန္ဓိစေတီအနီးက နေအိမ်ကိုလာဖောက်ထွင်းကြတယ်။ အစောင့်ကို သံတုတ်နဲ့ရိုက်တယ်။ လဲသွားတဲ့အခါ ဝိုင်းဝန်းထိုးကန်တာတွေ လုပ်ကြတယ် “ဟုပြောသည်။

ဒေသခံများ၏ ပြောဆိုချက်များအရ ဂျိတ္တောရပ်ကွက်ရှိ “ခန့်”ဖုန်းအရောင်းဆိုင်အနီးရှိ ရွှေဆိုင်ကိုလည်း ဖောက်ထွင်းခြင်းများပြုလုပ်ခဲ့ကြသည့်အပြင် လူနေအိမ်တစ်ချို့ကိုလည်း ဖောက်ထွင်းခံရမှုများ ရှိကြောင်း ဒေသခံများက ပြောသည်။

“အဲ့ဒီနေရာက စစ်ကောင်စီတပ်စွဲထားနေရာတွေရှိတယ်။ စစ်ကောင်စီတပ်သားတွေ ပူပေါင်းပြီးတော့ ဖောက်ထွင်းတာပါ။ သူတို့မပါရင် ဒီအိမ်တွေကို ဘယ်လို့လုပ် ဖောက်ထွက်လို့ ရနိုင်မလဲ။ အိမ်တော်တော်များများဖောက်ထွင်းခံရမှုတွေ ရှိတယ်။ ရွှေဆိုင်တွေဖောက်ထွင်းခံရတယ်။ ဘာမှ မရှိတော့ အကုန် ဖျက်စီးသွားကြတယ်”ဟုပြောသည်။

ငပလီတွင် ဂေါ့ရပ်ကွက်၊ ဇီးဖြူကုန်းရပ်ကွက်၊ လင်းသာရပ်ကွက်၊ ဂျိတ္တောရပ်ကွက်၊ မြပြင်ရွာ၊ ဇီးဖြူကုန်းရွာ၊ ဝါးတောင်ကွင်းရွာ၊ မဇင်ရွာ၊ စပါးကြီးရွာ၊ မှိုဟင်းပြင်ရွာတို့တွင် ဖောက်ထွင်ခံရမှု ရှိသလို ရွှေကျောင်းပြင်တို့တွင်လည်း ကျွဲနွားများနှင့် ဝက်များကို ယူဆောင်သွားမှုရှိကြောင်း သိရသည်။

ရွှေကျောင်းပြင်ဒေသခံတစ်ဦးက “ဖောက်ထွင်းခံရတာတွေက ရွှေကျောင်းပြင်တို့၊ မဇင်တို့၊ ရွှေလှေတို့ ဂျိတ္တောစတဲ့ ဖောက်ထွင်းခံရတဲ့အိမ်တွေအများကြီး ရှိတယ်။ မသိတဲ့ဟာတွေလည်း အများကြီး ရှိနေတယ်။ ဂျိတ္တောမှာက စစ်ကောင်စီတပ်စွဲထားတာရှိတယ်။ သူတို့လုပ်တယ်လို့ ပြောကြတယ်။ ရွှေကျောင်းပြင်းမှာဆိုရင် ဝက်တွေ အတင်းယူသွားတာတွေ၊ နွားတွေ ယူသွားတာတွေရှိတယ်”ဟုပြောသည်။

ငပလီတွင် စစ်ကောင်စီ၏ ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ တပ်ရင်းတို့ ရှိပြီး ယင်းတပ်ရင်းများကို AA ကလက်နက်ချ အညံ့ခံဖို့ ပြောဆိုထားသော်လည်း စစ်ကောင်စီဖက်က လက်နက်မချသည့်အတွက် နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေကြာင်း သိရသည်။

လက်ရှိတွင် သံတွဲမြို့အထွက် စာနီတောင်တွင် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်များ အထိုင်ချထားပြီး ယင်းမှ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။

သံတွဲနှင့် ငပလီကို လက်ရှိတွင် အာရက္ခတပ်တော် AA ကလည်း ဝိုင်းရံပိတ်ဆို့ထားပြီး ငပလီရှိ စစ်ကောင်စီတပ်များကို AA က တိုက်ခိုက်နေပြီး လက်ရှိ တိုက်ပွဲများလည်း ပြင်းထန်နေကြောင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

Photo- AFP။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article