26 C
Yangon

ဆန်စျေးနှုန်းကို အမြတ်တင် ရောင်းသည်ဟုဆိုကာ Orange စျေးဝယ်စင်တာ၏ ဒါရိုက်တာ ဂျပန်နိုင်ငံသားကို စစ်ကောင်စီက ဖမ်းဆီးထားမှု ပြန်လွှတ်ပေးရန် ဂျပန်အစိုးရနှင့်သံရုံးက တောင်းဆို

Must read

ဆန်စျေးနှုန်းကို အမြတ်တင် ရောင်းသည်ဟုဆိုကာ Orange စျေးဝယ်စင်တာ၏ ဒါရိုက်တာ ဂျပန်နိုင်ငံသားကို စစ်ကောင်စီက ဖမ်းဆီးထားမှု ပြန်လွှတ်ပေးရန် ဂျပန်အစိုးရနှင့်သံရုံးက တောင်းဆို

■ ဂျပန်နိုင်ငံသား စီးပွားရေးသမားကို စစ်တပ်က ဖမ်းဆီးမှု မြန်မာနိုင်ငံမှ ဂျပန် ၏ ရင်းနှီးမြုပ်နှံမှုများ အပေါ် အကြီးအကျယ် ရိုက်ခတ်နေ

ရန်ကုန်၊ ဇူလိုင် ၁

မြန်မာနိုင်ငံတွင် ဆန်စပါးစျေးနှုန်းကို အမြတ်ကြီးစား စျေးနှုန်းတင်ရောင်းချသည် ဟုဆိုကာ Aeon Orange စျေးဝယ်စင်တာ၏ ဒါရိုက်တာ ဂျပန်နိုင်ငံ သား Hiroshi Kasamatsu ကို စစ်ကောင်စီက ဖမ်းဆီးထားမှုအပေါ် ပြန်လွှတ်ပေးရန် ဂျပန်အစိုးရနှင့် ရန်ကုန်ဂျပန်သံရုံးက တောင်းဆိုလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီက ဆန်စျေးနှုန်းများကြီးမြင့်နေ၍ စျေးဝယ်စင်တာနှင့် စတိုးဆိုင်ကြီးများ၊ ဆန်စက်များ၊ ဆန်ပွဲရုံများမှ ဆန်ရောင်းဝယ်မှုများကို စစ်ဆေးခဲ့ကြောင်း ၊ ထိုသို့ စစ်ဆေးရာတွင် စျေးကွက်စျေးနှုန်းထက်စျေးတင် အကျိုးအမြတ်များများရယူ ရောင်းချသည်ဟုဆိုကာ စျေးဝယ်စင်တာ ၂၂ ခုမှ တာဝန်ရှိသူ ၄ ဦး အပါ အဝင် ဆန်စပါး လုပ်ငန်းရှင် ၁၁ ဦးကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ အမှုဖွင့် ဖမ်းဆီး အရေးယူထားကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူများတွင် ဂျပန်နိုင်ငံသား Hiroshi Kasamatsuကို Aeon Orange စျေးဝယ်စင်တာ၏ ဒါရိုက်တာ အဖြစ် စစ် တပ်က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရှိ ဂျပန်သံရုံးက NHK ဂျပန်သတင်းဌာနသို့ ပြောကြားရာတွင် ဂျပန်နိုင်ငံသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားခြင်းကို သိရှိပြီး အဆိုပါ ဂျပန်နိုင်ငံ သားကို ပြန်လွှတ်ပေးရန် မြန်မာစစ်တပ်အား တောင်းဆိုထားကြောင်း၊ဂျပန်သံရုံး၏ ပံ့ပိုးကူညီမှုဖြင့် အမှုကို စောလျှင်စွာ ပြေလည်မှုရရှိရန် ဆောင်ရွက်နေကြောင်း သိရှိရသည်။

ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟာယာရှီ ယိုရှီမာဆာက ဖမ်းဆီးခံထားရသော ဂျပန်နိုင်ငံသားကို စောလျှင်စွာ လွှတ်ပေးရန် တောင်းဆိုပြီး လိုအပ်သော ပံ့ပိုးကူညီမှုများ ပေးခြင်းဖြင့် အဆိုပါ ပြဿနာကို ဆက်လက် ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

ဂျပန်နိုင်ငံသားကို ဖမ်းဆီးအရေးယူထားသော အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှု ဥပဒေ ပုဒ်မ ၅ အရ ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ ချမှတ်ရမည့်အပြင် ဒဏ် ငွေ ၅ သိန်းချမှတ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

လက်ရှိတွင် သီလဝါ အပါအဝင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံထား သော လုပ်ငန်းများအတွက် ဂျပန်နိုင်ငံသား စီးပွားရေးသမားကို ဖမ်းဆီးလိုက်ခြင်းက ခြိမ်းခြောက်မှုဖြစ်လာကြောင်း၊ မြန်မာနိုင်ငံတွင် လွတ်လပ် သော စျေးကွက်စီးပွားရေးစနစ် ပျက်သုန်းခြင်းအဖြစ် ဂျပန်လုပ်ငန်းရှင်တချို့က မေး မြန်း စိတ်ပူနေကြကြောင်း သိရှိရသည်။

” သီလဝါမှာ ရင်းနှီးမြုပ်နှံထားတဲ့ မိတ်ဆွေ ဂျပန်စီးပွားရေးသမား ရှယ်ယာရှင်တစ်ဦးက မေးမြန်းလာတာက ဒီအတိုင်းဆိုရင် သူတို့ ရင်းနှီးမြုပ်နှံမှုတွေကို စစ်တပ်က မသိမ်းဘူးလို့ အာမခံနိုင်လားတဲ့။ အဲဒီလောက်ကြီးတော့မ ဖြစ်ပါဘူးလို့ ပြန်ဖြေလိုက်ပေမယ့် ဂျပန်တွေကတော့ သူတို့နိုင်ငံသားကို မဆီမဆိုင် စျေးနှုန်းကြီးလို့ ဆိုပြီး ဖမ်းသွားတဲ့အပေါ် စိုးရိမ်ကုန်ကြတယ်။ ဒီဟာကို နစက ဘက်က ကောင်း ကောင်း ပြန်ပြီး မဖြေနိုင်ရင် ဂျပန်ဘက်က ရင်းနှီးမြုပ်နှံမှုတွေ ထွက်သွားနိုင်တယ်။ မထွက်သွားရင်တောင် အသစ်တွေလည်း မလာသလို အဟောင်းတွေလည်း ဆက်လုပ်ဖို့တော့ ကြောက်ကုန်ကြပြီ။ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ စျေးကွက်စီးပွားရေးစနစ် ပျက်စီးသွားပြီ ဆိုတာ ဂျပန်တွေ သိသွားကြပြီ” ဟု UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟာယာရှီ ယိုရှီမာဆာ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article