26 C
Yangon

လားရှိုးမြို့နယ်၊ နမ့်ပေါင် စစ်ကောင်စီတပ်စခန်းကို MNDAA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဆင်တောင်၊ ခမရ ၅၀၇ ၊ ခလရ ၆၈ တို့တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေ

Must read

လားရှိုးမြို့နယ်၊ နမ့်ပေါင် စစ်ကောင်စီတပ်စခန်းကို MNDAA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဆင်တောင်၊ ခမရ ၅၀၇ ၊ ခလရ ၆၈ တို့တွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေ

ရန်ကုန်၊ ဇူလိုင် ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ပေါင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ယနေ့ နံနက်ပိုင်း ခလရ ၆၈၊ ဆင်တောင်၊ အထက်မန်အိုင်ရှိ ခမရ ၅၀၇ တပ်စခန်းတို့တွင် တိုက်ပွဲ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇူလိုင်လ ၅ ရက်နေ့တွင် လားရှိုးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းဖြစ်သော နမ့်ပေါင်တပ်ရင်းစခန်းကို MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ် ကြောင်း၊ အဆိုပါ တပ်စခန်းက ပုံမှန်အားဖြင့် ဟောင်ဝစ်ဇာ အမြောက်များဖြင့် အမြဲလိုလို ပစ်ခတ်နေခဲ့သော်လည်း ယမန်နေ့မှစတင်ပြီး နမ့်ပေါင်တပ်စခန်းတွင် ပစ်ခတ်မှုများမရှိတော့သည့်အပြင် တိုက်ပွဲဖြစ်ပွားသံလည်းမကြားရကြောင်း၊ နမ့်ပေါင်တပ်စခန်းဘက်မှ MNDAA တပ်ဖွဲ့ဝင် အမြောက် အမြား လားရှိုးဘက်သို့ တက်သွားကြောင်း ဒေသစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

“နမ့်ပေါင်တပ်စခန်းကနေ ပုံမှန် ဟောင်ဝစ်ဇာတွေ၊ လက်နက်ကြီးတွေ ပစ်နေတာ။ မနေ့ကစပြီး မပစ်နိုင်တော့ဘူး။ နမ့်ပေါင်တပ်စခန်းက အသိမ်းခံလိုက်ရပြီ။ နမ့်ပေါင်ဘက်ကနေ မနေ့ကတည်းက MNDAA အင်အားအတော်များတယ်။ လားရှိုးဘက်ကို တက်သွားတာ။ နမ့်ပေါင်စခန်းကျသွားတာတော့ သေချာပါတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လားရှိုးမြို့နယ်အခြေစိုက် ရမခ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် သတင်းရင်း မြစ်ကလည်း နမ့်ပေါင်တပ်စခန်း ကျဆုံးသွားကြောင်း အတည်ပြုပြီး ခလရ ၆၈ နှင့် ခမရ ၅၀၇ ကိုလည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ပေးနေရကြောင်း ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် နံနက် ၆ နာရီမှစတင်ပြီး လားရှိုးမြို့နယ်အတွင်းရှိ ခလရ ၆၈ ၊ ဆင်တောင်နှင့် ခမရ ၅၀၇ တို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရှိရသည်။

“ဒီနေ့ မနက်တည်းက သေနတ်သံတောက်လျှောက်ပဲ။ ၆၈ နဲ့ ဆင်တောင်မှာ သေနတ်သံတွေ တောက်လျှောက်ပဲ။ လွယ်ပြေကုန်း၊ ခမရ ၅၀၇ မှာလည်း တိုက်ပွဲ အပြင်းအထန်ဖြစ်နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်များက ဇွန်လ ၂၅ ရက်နေ့မှစတင်ပြီး ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ကာ ဟိုင်ဂင် အပစ်ရပ်ရေး သဘောတူညီစာချုပ်ကို အဆုံးသတ်ခဲ့ကြကြောင်း၊ စစ်ကောင်စီက အပစ်ရပ်စာချုပ်ကို ချိုးဖောက်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ရာမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ၁၀၂၇ ပထမစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို MNDAA က သိမ်းပိုက်ရရှိစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article